Home
မြန်မာသတင်း
အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် ကိုဗစ်ကုသရေးစင်တာကို ပိတ်သိမ်း 
DVB
·
December 25, 2020
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ အမျိုးသားယဥ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် ကိုဗစ်-၁၉ ကုသရေးစင်တာကို ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး ပိတ်သိမ်းလိုက်ပြီလို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်( ၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။ နေ့စဥ်ပိုးတွေ့တဲ့လူနာတွေ တဖြည်း​ဖြည်းလျော့နည်းလာတဲ့အတွက်ကြောင့် ဒီဇင်ဘာ ၂၃ ရက်နေ့ကစတင်ကာ ပိတ်သိမ်းဖို့ ဆောင်ရွက်တာဖြစ်ပြီး ပိုးသတ်ဆေးတွေနဲ့ ရှင်းလင်းပိုးသတ်ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့မှာ အပြီးပိတ်သိမ်းလိုက်တာပါ။ ဒါ့အပြင် တောင်ဒဂုံက အောင်မြင့်မိုရ်ကုသရေးစင်တာဟာလည်း အရင်ကလူနာ ၃ ထောင်ကျော်လောက် ကုသပေးနေရတာဖြစ်ပေမဲ့ အခုအခါမှာ လူနာ ၈၀၀ ဝန်းကျင်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ တောင်ဒဂုံမြို့နယ်မှာ ကွာရန်တင်းစင်တာ ၃ ခုထားရှိရာ အခုဆိုရင် စင်တာ ၁ ခုထပ်ပိတ်သိမ်းဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။  ဒါပေမဲ့ အရေးကြုံရင် အဆင်သင့်ဖြစ်အောင် We love Yangon လူထုအခြေပြု ပရဟိတအဖွဲ့က ကြီးမှူးပြီး တောင်ဒဂုံမြို့နယ် ၁၄၆ ရပ်ကွက်က ပြည်သူ့ပရဟိတဆေးရုံမှာ Covid Care Center အသစ်ဖွင့်လှစ်ဖို့လည်း စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။ အနုပညာတက္ကသိုလ်အပြင် ရန်ကင်းပညာရေးကောလိပ် နဲ့ ကန်သာယာ ကိုဗစ်ကုသရေးစင်တာတို့ကိုပါ ပိတ်သိမ်းနေကြောင်း သတင်းကြားတယ်လို့လည်း ဦးညီညီက ဆိုပါတယ်။  မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာတွေ နေ့စဥ်နဲ့အမျှ ရှိနေပေမယ့် အရင်ကလောက်မများတော့ဘဲ အခုရက်ပိုင်း ၁၀ ရက်အတွင်း ပိုးတွေ့ရှိနှုန်းဟာ ၅.၃ ရာခိုင်နှုန်းကနေ ၄.၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၁၉,၇၈၈ ယောက်၊ သေဆုံးသူ ၂,၅၃၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၉၉,၉၂၇ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024