Home
မြန်မာသတင်း
တိုက်ပွဲများကြား ဒေသခံများ အခွင့်အရေးချိုးဖောက်ခံရဆဲ
DVB
·
August 29, 2013
အစိုးရနဲ့ အပစ်အခတ်ရပ်ထားတဲ့  ရှမ်းလက်နက်ကိုင်အဖွဲ့တွေကြား  အပစ်ရပ်သဘောတူညီချက်အတိုင်း အကောင်အထည်မဖော်နိုင်တဲ့အတွက်   ရွာသားတွေလည်း အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ပြည်ပအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က  ထုတ်ပြန်လိုက်ပါတယ်။ ရှမ်းပြည်နယ်မှာ အစိုးရတပ်နဲ့ အပစ်ရပ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့တို့ ဖြစ်တဲ့တိုက်ပွဲမှာ ဒေသခံရွာသူအမျိုးသမီးတဦး ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြည်ပအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်  မိုင်းယဉ်  ကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့က အစိုးရတပ် ခမရ ၅၀၄  နဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားချိန်မှာ ပြောင်းခင်းထဲ ရောက်နေတဲ့ ရွာသူတဦးရဲ့ ဘယ်ဘက်ပခုံးကို ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့တယ်တယ်လို့ ဩဂုတ်လ ၂၈ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ အစိုးရတပ်က ဒဏ်ရာရအမျိုးသမီးကို အစိုးရတပ်က ဂရုမစိုက်တဲ့အပြင် လင်ယောက်ျားဖြစ်သူ စိုင်းဆိုင်ကိုပါ လမ်းပြအဖြစ် ၂ ရက်ကြာဖမ်းခေါ်သွားခဲ့ပြီး ရွာကနေ ၁၅ ကီလိုမီတာလောက်ဝေးတဲ့ ကုန်းခါးရွာထိ ပို့ပေးခဲ့ရပြီးမှ  ပြန်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ဇနီးအတွက် ဆေးဖိုးတောင်းခံရာမှာ အစိုးရတပ်က ကျပ်နှစ်သောင်းပဲပေးတယ်လို့ ဒေသခံရွာသားတွေက ရှမ်းလူ့အခွင့်အရေးအဖွဲ့ကို ပြောပါတယ်။ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့  ပြောခွင့်ရ စိုင်းဆေဟန်က ဒီဖြစ်ရပ်ဟာ နှစ်ဘက်တပ်တွေအနေနဲ့ အပစ်ခတ်ရပ်သဘောတူချက်အတိုင်း လိုက်နာဖို့ နဲ့ ရွာသားတွေအပေါ် အခွင့်အရေးချိုးဖောက်နေတာတွေ ရပ်တန့်ဖို့ လိုအပ်တာကို ပြသတာပဲလို့ ဒီဗွီဘီကို  ပြောပါတယ်။ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ အစိုးရနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလကစပြီး ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်လက်မှတ်ရေးထိုးခဲ့ပေမယ့် ထိတွေ့ပစ်ခတ်မှုပေါင်း ၁၀၀ ကျော် ပြန်ဖြစ်ပွားနေတာဖြစ်ပါတယ်၊
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024