DVB Logo
Home
ဆောင်းပါး
အခြေခံဥပဒေ သုံးသပ်ရေး ဦးရွှေမန်း ကြုံရမယ့် အဓိက ပြဿနာ
DVB
·
August 29, 2013
အခြေခံဥပဒေ သုံးသပ်ရေး ဦးရွှေမန်း ကြုံရမယ့် အဓိက ပြဿနာ
Donate to DVB

အခုဆိုရင် ပြည်ထောင်စု လွှတ်တော်ကနေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းထားပါပြီ။ ဖွဲ့စည်းထားပုံက လွှတ်တော်အသေးစား ပုံစံမျိုးပါ။ ကြံ့ခိုင်ရေးပါတီဝင်တွေက အများစု၊ တပ်မတော်သား ၂၅ ယောက်၊ ကျန်တာ အချိုးကျ၊ စုစုပေါင်း ၁၀၉ ယောက် ဖြစ်ပါတယ်။ အခု အသေးစိတ် ထပ်ပြီး ဖွဲ့စည်းမှုမှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး အားလုံးကလည်း ကြံ့ခိုင်ရေးပါတီကချည်းပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကော်မတီ ဥက္ကဋ္ဌဟာ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဆိုပေမယ့် သူရဦးရွှေမန်းရဲ့ အရိပ်လွှမ်းမိုးမှုက အဓိက ဖြစ်တယ်လို့ ယူဆကြပါတယ်။ ဖွဲ့စည်းပုံ သုံးသပ်ရေး၊ နောက်တဆင့်ဆိုရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းမှာ ဘာစိန်ခေါ်မှုတွေ ရှိနေမလဲ၊ အဲဒီအထဲကမှ အဓိက အကျဆုံး ပြဿနာဟာ ဘာဖြစ်မလဲဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

[caption id="attachment_43053" align="alignright" width="300" caption="ဦးရွှေမန်း"][/caption]

ဖွဲ့စည်းပုံ သုံးသပ်ရေးနဲ့ ပတ်သက်ပြီး ပထမဦးဆုံး စိန်ခေါ်မှုက တိုင်းရင်းသားအရေးပါ။ လက်ရှိ တိုင်းရင်းသားတွေဟာ တိုင်းပြည်ကို ဖက်ဒရယ်ပြည်ထောင်စုပုံစံ ဖွဲ့စည်းဖို့ တောင်းဆိုထားပြီး ဖွဲ့စည်းပုံကိုလည်း ဖက်ဒရယ်ပြည်ထောင်စုပုံစံဖြစ်အောင် ပြင်ဆင်ဖို့ လိုလားနေပါတယ်။ တချို့ကတော့ ဖွဲ့စည်းပုံအသစ် ပြန်ရေးဆွဲဖို့တောင် တောင်းဆိုနေကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက သူ့သဘောထားကို ခုလို ထုတ်ဖော်ပြောဆိုဖူးပါတယ်။ လက်ရှိ ဖွဲ့စည်းပုံထဲမှာ ဖက်ဒရယ် သဘောတရားတွေ ပါနေသလား၊ ပါနေပါလျက်နဲ့ ပြည်နယ်တွေက အခွင့်အရေး မရတာလား၊ မရဘူးဆိုရင် ရအောင် လွှတ်တော်ကနေ လုပ်ပေးရမယ် ဆိုတဲ့ သဘောထားဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံကို တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပုံစံ ပြင်ဆင်ဖို့ ပြတ်ပြတ်သားသား ဆန္ဒရှိပုံ မပြသပါဘူး။

ဒုတိယ စိန်ခေါ်မှုကတော့ စစ်တပ်နဲ့ ပတ်သက်တဲ့ အချက်တွေပါ။ ဖွဲ့စည်းပုံထဲမှာ တပ်မတော်ဟာ နိုင်ငံရေးဦးဆောင်အခန်းကဏ္ဍမှာ ပါဝင်ရမယ်ဆိုတဲ့ အချက်၊ အဆင့်ဆင့်သော လွှတ်တော်တွေမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်ရမယ် ဆိုတဲ့အချက်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီးတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပဲ ခန့်အပ်ရမယ် ဆိုတဲ့ အချက်၊ တပ်မတော်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟာ ဘယ်သူ့လက်အောက်မှာမှ ရှိမနေတဲ့အချက် စတာတွေနဲ့ ပတ်သက်ပြီး အတိုက်အခံ နဲ့ ဒီမိုကရေစီ လိုလားသူတွေက ဝေဖန်နေကြပါတယ်။ သူရဦးရွှေမန်းကတော့ ဒီအချက်တွေနဲ့ ပတ်သက်ရင် စစ်တပ်ဘက်က မပြင်ဆင်လိုသေးသမျှ ဘာကိုမှ သုံးသပ်မယ့်ပုံတော့ မရှိပါဘူး။

တတိယ စိန်ခေါ်မှုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်နိုင်အောင် တားဆီးထားတဲ့ သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းဆိုင်ရာ ကန့်သတ်ချက် ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ကတော့ သူရဦးရွှေမန်းရော၊ ကြံ့ခိုင်ရေး ပါတီကပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေနဲ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော် တခုချင်းစီမှာ အများစု အနိုင်မရအောင်၊ တနည်းပြောရရင် ဒုသမ္မတ တယောက်မှ ရွေးချယ်မခံရအောင် နည်းနာမျိုးစုံသုံးပြီး အကောင်အထည် ဖော်သွားမယ်လို့ သန္နိဋ္ဌာန် ချထားပြီးသားဆိုရင် အဲဒီအချက်တွေကို ပြင်ဆင်ပေးလိုက်ရင်လည်း ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ဒါကြောင့် နိုင်ငံတကာ အမြင်ကောင်းအောင် ပြင်ပေးဖို့ သုံးသပ် အကြံပြုနိုင်ပါတယ်။

ဒီအထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး ပြဿနာကတော့ လက်ရှိ သမ္မတ ရဲ့ အခွင့်အာဏာကို ဇောင်းပေးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို သမ္မတ အာဏာ လျော့ကျအောင် လုပ်မလား၊ မလုပ်ဘူးလား ဆိုတဲ့ စိန်ခေါ်မှုပဲဖြစ်ပါတယ်။ တကယ်တော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးဆောင်ရေးဆွဲခဲ့သူတွေဟာ သမ္မတကို လုပ်ပိုင်ခွင့် ကြီးမားအောင် ရေးဆွဲထားခဲ့တာ ဖြစ်ပါတယ်။ သူတို့အဆိုအရ အသွင်ကူးပြောင်းတဲ့ တိုင်းပြည်အတွက် သမ္မတ ရဲ့ လုပ်ပိုင်ခွင့် အများကြီးလိုအပ်တယ်။ ဒါမှ တိုင်းပြည်ကို ရှေ့ရောက်အောင် တွန်းတင်နိုင်မယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ကုန်ခဲ့တဲ့ ၂ နှစ်ခွဲတာ ကာလအတွင်း သူရဦးရွှေမန်း တောက်လျှောက် လုပ်ခဲ့တာကတော့ ဖွဲ့စည်းပုံပါ သမ္မတ လုပ်ပိုင်ခွင့် လျော့နည်းလာအောင်နဲ့ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက် ဩဇာအာဏာ ပိုရှိလာအောင် လုပ်ခဲ့တာတွေချည်းပါပဲ။ တချို့ကိစ္စတွေဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တွေကို ချိုးဖောက်ပြီး လုပ်ခဲ့တဲ့ သာဓကတွေတောင် အများအပြား ရှိပါတယ်။ ဥပမာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌ ရွေးချယ်ရေး ကိစ္စ၊ နောက်ထပ် ပြဋ္ဌာန်းလိုက်တဲ့ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်တိုင်းအဆင့် လွှတ်တော်ဥပဒေတွေကိစ္စ စတာတွေမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေ သူရဦးရွှေမန်းကိုယ်တိုင် သမ္မတ လုပ်မယ်လို့ တရားဝင် ထုတ်ပြောထားပြီး ဖြစ်သလို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတ ဖြစ်လာအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပြီလည်း ဖြစ်ပါတယ်။ ဒီအခါ သူရည်မှန်းသလို တကယ်သမ္မတ ဖြစ်လာခဲ့ရင် သူပြင်ထားတဲ့ ဖွဲ့စည်းပုံအရ ဩဇာအာဏာ လျော့နည်းနေတဲ့ သမ္မတ အဖြစ် သူကိုယ်တိုင် ကျရောက်သွားမယ့် အခြေအနေလည်း လိုလားမှာ မဟုတ်ပါဘူး။ ဒါကိုလည်း သူမြင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်တဲ့အခါ သူရ ဦးရွှေမန်းအနေနဲ့ လက်ရှိ သမ္မတ လုပ်ပိုင်ခွင့်တွေ လျော့နည်းသွားပြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ အမတ်တွေ လုပ်ပိုင်ခွင့် အာဏာ ပိုရှိလာစေအောင် လုပ်နေတဲ့အတိုင်း ဆက်သွားမလား၊ ဒါမှမဟုတ် လက်ရှိ မပြင်ရသေးတဲ့ ဖွဲ့စည်းပုံပါအတိုင်း ဩဇာအာဏာကြီးတဲ့ သမ္မတ အဖြစ်ကို ရယူဖို့ နဂိုအတိုင်းထားဖို့ သုံးသပ်မလား ဆိုတာကတော့ စိတ်ဝင်စားဖို့ အကောင်းဆုံး ပြဿနာတခု ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013