DVB Logo
Home
မြန်မာသတင်း
မီးရှို့ဖျက်ဆီးသူများကို အရေးယူရန် အစ္စလာမ်ဘာသာရေးအဖွဲ့များ လိုလား
DVB
·
August 28, 2013
မီးရှို့ဖျက်ဆီးသူများကို အရေးယူရန် အစ္စလာမ်ဘာသာရေးအဖွဲ့များ လိုလား
Donate to DVB

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ ထန်းကုန်းကျေးရွာ မီးရှို့ဖျက်ဆီးမှု ကျူးလွန်သူတွေကို  အရေးယူဖို့ နဲ့  မူလနေရာမှာ နေမြဲအတိုင်း နေထိုင်ခွင့်ရရေးကိစ္စကို တိုက်တွန်းဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးကျော်ခင်က ပြောပါတယ်။

[caption id="attachment_43046" align="alignright" width="300" caption="ထန်းကုန်းကျေးရွာ မီးရှို့မှုဖြစ်ပွားပြီး တွေ့ရစဉ်"][/caption]

ဦးကျော်ခင်က “မူလ သူ့ပိုင်ဆိုင်မှု ရှိနေတဲ့နေရာမှာ သူတို့ပြန်နေနိုင်ဖို့အတွက် လုပ်ရမယ်။ နောက် တကယ်ဖြစ်စဉ်အပေါ်မှာလည်း အရေးယူဆောင်ရွက်ဖို့ကိုလည်း ကျနော်တို့က တွန်းအားပေး ဆောင်ရွက်သွားမှာပေါ့” လို့ ပြောပါတယ်။

ဩဂုတ် ၂၄ ရက်နေ့ညက ထန်းကုန်းရွာမှာ အိမ်ခြေ ၅၀ ကျော်၊ ဆန်စက် ၁ လုံး ကြက်ခြံတခြံ မီးတင်ရှို့ခံရပြီး ဆိုင်ခန်း ၁ ဒါဇင်ကျော် ဖျက်ဆီးခံရပါတယ်။ ဒီလုပ်ရပ်ကြောင့် လူပေါင်း ၃၀၀ ကျော်ဟာ အာရဗီစာသင်ကျောင်းဆောင်မှာ ဒုက္ခသည်အဖြစ် ခိုလှုံနေကြရတာပါ။

မနေ့ကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်ရဲ့ မန္တလးရုံးက တာဝန်ရှိသူ ဒေါက်တာမောင်မောင်တို့အဖွဲ့က သွားရောက်ကူညီနေတယ်လို့ ဦးကျော်ခင်က ပြောပါတယ်။

မီးဘေးသင့်ဒုက္ခသည်တွေကို စစ်ကိုင်းတိုင်း အမှတ် ၃ မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က သွားရောက်တွေ့ဆုံအားပေးပြီး ငွေကျပ်သိန်း ၂၀ လှူဒါန်းခဲ့ပါတယ်။

ဗမာ ၂ အိမ်အပါအ၀င် အိမ်ထောင်စု ၅၂ အိမ်ထောင်ကို တအိမ်ထောင်ကို ကျပ်ငွေ ၃ သောင်းခွဲနှုန်းနဲ့ ထောက်ပံ့ပေးပြီး ပိုငွေ ၁ သိန်း ၈ သောင်းကိုတော ဒုက္ခသည်စခန်းတာဝန်ရှိသူကို လှူထားခဲ့ပါတယ်လို့ ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

သူတို့တတွေရဲ့ ပြန်လည်ထူထောင်ရေးကိစ္စမေးမြန်းရာမှာ ဒေါက်တာမြင့်နိုင်က သက်ဆိုင်ရာက စီစဉ်ရမယ့်အပိုင်းဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့နေရာက ကွက်ကျားဆိုတော့ သူတို့နေရာသူတို့ ပြန်ဆောက်လို့ ရပါတယ်၊ ရမှာပါ။ တပြင်ကြီးလုပ်သွားပြီးတော့ ရှုပ်ထွေးမှုတွေက ဒီလောက်ကြီးရှိမယ် မထင်ဘူးလေ။ အဲဒါကို သူတို့ နိုင်ငံတော် အုပ်ချုပ်ရေးပိုင်းကပဲ လုပ်ရမှာပဲ၊ ကျနော်တို့ မပြောတတ်တော့ဘူးလေ။ ထန်းကုန်းပေါ်က မပါဘူး၊ ဘေးနားကဆိုတော့ ဗုဒ္ဓဘာသာတွေက အားနာနေတာပေါ့လေ။”

ထန်းကုန်းကျေးရွာဖြစ်စဉ်မှာ ရွာတွင်းကလူတွေ မီးရှို့တာမဟုတ်ဘဲ အပြင်ဘက်က လူတွေက လာရောက်လုပ်ဆောင်တယ်ဆိုတာကို သိတဲ့အတွက် ဘာသာနှစ်ခုအကြား ရန်စောင်တာမျိုး မရှိကြဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ကောလာဟလတွေတော့ ပျံ့နှံနေတယ်လို့ ဆိုပါတယ်။

မီးရှို့သူတွေလို့ သံသယရှိသူ ၁ ဒါဇင်လောက်ကို ရဲက ခေါ်ယူစစ်မေးနေပြီး ဘယ်မှာထားတယ်၊ ဘာအမှုနဲ့ စွဲဆိုမယ်ဆိုတာ မရှင်းလင်းပါဘူး။

ထန်းကုန်းကျေးရွာ ရဲစခန်းကို မေးမြန်းကြည့်တဲ့အခါ သူတို့ရဲစခန်းဟာ ကျေးရွာအဆင့် စခန်းဖြစ်ပြီး အဲဒီကိစ္စတွေ မသိရှိကြောင်းနဲ့ ကျေးရွာမှာတော့ အခြေအနေတည်ငြိမ်နေပြီလို့ ဖြေဆိုပါတယ်။

“အခြေအနေကတော့ အေးအေးဆေးဆေးပါပဲခင်ဗျာ။ လောလောဆယ်လူတွေ ဈေးသွားဈေးလာတို့ ဘာတို့ လွတ်လွတ်လပ်လပ်သွားလာကြပါတယ် အေးအေးဆေးဆေးပါပဲ။”

မြန်မာနိုင်ငံမှာ မနှစ်ဇွန်လကစလို့ ဖြစ်ပျက်ခဲ့တဲ့ မီးရှို့အကြမ်းဖက်မှုတွေရဲ့ လတ်တလောဖြစ်ရပ်တွေဟာ အမျိုးသမီးငယ်တဦးကို မွတ်စလင်ဘာသာဝင်က ထိပါးနှောင့်ယှက်တယ်၊ မုဒိမ်းပြုကျင့်တယ်ဆိုတဲ့ ကောလာဟလတွေ ကြိုကြိုတင်တင် ထွက်လေ့ရှိပြီးနောက် အကြမ်းဖက်မှုတွေ ကျူးလွန်ကြတာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်တွေမှာ နောက်ကွယ်က ကြိုးကိုင်သူရှိနိုင်တယ်လို့ သမ္မတကိုယ်တိုင်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားတာ လပေါင်းများစွာကြာပြီဖြစ်ပေမယ့် ဘယ်သူ ဘယ်အဖွဲ့လဲဆိုတာ လူသိရှင်ကြား အရေးယူနိုင်ခြင်းတော့ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013