Home
မြန်မာသတင်း
ကိုဗစ်ကုသရေး ကျန်းမာရေးဝန်ထမ်းများ အခမဲ့အနားယူနိုင်သည့်ဟိုတယ် အပ်နှံ
DVB
·
December 22, 2020
ကိုဗစ် ကာကွယ်ကုသထိန်းချုပ်ရေးလုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အခမဲ့ အနားယူ နေထိုင်စားသောက်နိုင်မယ့် Jasmine Palace Hotel ကို မနေ့က ရန်ကုန်တိုင်းအစိုးရဆီ ကမ္ဘောဇဘဏ်က တရားဝင်အပ်နှံလိုက်ပါတယ်။ အခန်းပေါင်း ၂၀၀ ကျော်ပါတဲ့ ကြယ်လေးပွင့်အဆင့် အဲဒီဟိုတယ်ကို ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းအောင်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီ အပ်နှံလိုက်တာပါ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ လက်ထောက်ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်တိုးက "ကျနော်တို့လို ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဒီမှာတည်းခိုပြီး တာဝန်ထမ်းဆောင်နေတဲ့ ဆေးရုံတွေကိုသွားရတာ အဆင်ပြေသလို လုပ်ငန်းခွင်အတွက်ရော၊ မိသားစုဝင်တွေအတွက်ရော စိတ်ချရပါတယ်။ အိမ်ကနေပြီး ဆေးရုံသွားဖို့ စိတ်ပူနေရတဲ့သူတွေအတွက် အခုလို သီးခြားနေထိုင်ခွင့်ရတဲ့အတွက် အရမ်း အဆင်ပြေပါတယ်" လို့ ပြောပါတယ်။ ကမ္ဘောဇဘဏ်အနေနဲ့ ဒီဟိုတယ်မှာ ကျန်းမာရေးဝန်ထမ်းတွေ အနားယူနိုင်ဖို့ တလကို ကျပ်သိန်း ၅၀၀ အထိ ကုန်ကျစရိတ်အားလုံးရဲ့ ထက်ဝက်ကို တာဝန်ယူထားပြီး ကျန်တဲ့ ထက်ဝက်ကိုတော့ Jasmine Palace Hotel က ပံ့ပိုးထားတာလို့ ဘဏ်ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။ ဒီမှာ ရန်ကုန်တိုင်းထဲမှာရှိတဲ့ ကိုဗစ်ကုသပေးနေတဲ့ ဆေးရုံ ဌာနတွေက ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်နေတုန်း လာရောက်တည်းခိုနေထိုင်နိုင်အောင် တိုင်းကျန်းမာရေးဦးစီးဌာနက စီမံပေးနေတယ်လို့ ဆိုပါတယ်။ အောက်တိုဘာလကစလို့ အခုလို အခမဲ့တည်းခိုနေထိုင်ဖို့ ကူညီခဲ့တာဖြစ်ပြီး တလကို ပျမ်းမျှ အယောက် ၂၅၀ လောက် တည်းခိုနေထိုင်နေတယ်လို့လည်းဆိုပါတယ်။ နံနက်စာ၊ နေ့လယ်စာ၊ ညစာတို့ကို အခမဲ့ကျွေးမွေးသလို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ အားလပ်ချိန်တွေမှာ ရေကူးကန်၊ အားကစားခန်းမ၊ ဘားကောင်တာတွေကိုလည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဝတ်အထည်တွေကိုလည်း တရက်မှာ ၂ ကြိမ် အခမဲ့လျှော်ဖွပ်ပေးတာပါ။ ကမ္ဘောဇဘဏ်နဲ့ ကမ္ဘောဇညီနောင်ကုမ္ပဏီတွေဟာ ဖေဖော်ဝါရီ ၂၆ ကနေ ဒီနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်  တနိုင်ငံလုံးအတိုင်းအတာနဲ့ ငွေကျပ်သန်းပေါင်း ၁၁,၂၀၀ ကျော် လှူဒါန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024