သာစည်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်များ ဖမ်းမိ
DVB
·
December 22, 2020
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစားမှုထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ ၁၀း၃၀ အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ သာစည်မြို့နယ်၊ သာစည်-တောင်ကြီးသွားကားလမ်းမှာ ဘုရားငါးဆူကျေးရွာဘက်က တောင်ကြီးဘက်ကို မလှိုင်မြို့နယ်၊ ကူနီကျေးရွာနေ ဇော်လွင် ၄၂ နှစ် မောင်းနှင်လာတဲ့ Hiace အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက ယာဉ်ပေါ် ဆာလာအိတ်တွေအတွင်း ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် အလေးချိန် ၁၀၅ ကီလိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
ကွင်းဆက်အရ သာစည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာနေသူများဖြစ်သည့် မခင်မာကြိုင်(ခ) ကရင်မ (၃၈) နှစ်အား ၁၀း၄၀ အချိန်မှာ ဘုရားငါးဆူကျေးရွာလမ်းဆုံနဲ့ ယဉ်ဦး (ခ) ကတုံး (၄၃) နှစ်အား နေအိမ်မှာ ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် အလေးချိန် ၁၃၅၀ ကီလိုနဲ့အတူ ဖမ်းဆီခဲ့တယ်လို့ ဆိုပါတယ်။
စုစုပေါင်း အမိုနီယမ်နိုက်ထရိတ် အလေးချိန် ၁၄၅၅ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ် ၁၆.၀၀၅ သိန်း) ဖမ်းဆီးရမိခဲ့ပြီး သာစည်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။