ခိုးဝင်မြန်မာရွှေ့ပြောင်းလုပ်သားများကို မတားဆီးနိုင်တော့ဟု ထိုင်းစစ်တပ်ပြော
DVB
·
December 22, 2020
နယ်စပ်ကနေ ထိုင်းနိုင်ငံတွင်း ခိုးဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တားဆီးဖို့ မတတ်နိုင်တော့ဘူးလို့ ထိုင်းစစ်တပ်က ဒီဇင်ဘာ ၂၁ ရက်က ပြောလိုက်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစုရှိရာ စမွတ်စာခွန်ခရိုင်တွင်းက ပုစွန် ဈေးတဝိုက် ဆက်စပ် ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ မြင့်တက်လာနေတယ်လို့ ထိုင်းပြည် သူ့ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုလိုက်ချိန်မှာပဲ ခုလိုပြောဆိုလိုက်တာပါ။
“နယ်စပ်တလျှောက် ကျနော်တို့က လုံခြုံရေးအင်အားအများအပြားသုံးပြီး တပ်စွဲထားပေမဲ့ ခိုးဝင်ရွှေ့ပြောင်းအလုပ်သမားတွေကတော့ သူတို့နည်းသူတို့ဟန် လမ်းကြောင်းတွေက ဝင်လာနေဆဲပါပဲ။ ကျနော်တို့ နယ်စပ်အလျားက ၅,၅၂၆ ကီလိုမီတာရှည်တယ်” လို့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ဆန်ထိဖောင် ထမာပီရာက ပြောပါတယ်။
ထိုင်းစစ်တပ်အနေနဲ့ ဒရုန်းတွေ၊ ရွေ့လျားကင်းလှည့်တပ်ဖွဲ့တွေနဲ့ အထူးလုံခြုံရေးစည်းရိုးတွေ အပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေပေမယ့် မြန်မာနိုင်ငံဘက်က ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ တာ့ခ်၊ ချင်းရိုင်၊ ကန်ချနဘူရီခရိုင်တွေအတွင်းက ဝင်ပေါက်တွေကတဆင့် ခိုးဝင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
သိပ်မကြာခင်ကလည်း စစ်တပ်အနေနဲ့ နယ်စပ်ခရိုင် ၃ ခုက ခိုးဝင်မြန်မာနိုင်ငံသား ၂၇၉ ယောက်ကို ဖမ်းမိခဲ့ပြီးနောက် နေရပ်ဒေသတွေဆီ ပြန်ပို့နိုင်ခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဆန်ထိဖောင်က ပြောပါတယ်။
နောက်ထပ်ပြီးတော့လည်း စစ်သားအင်အား ၂၀၀ ကို ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ စမွတ်စာခွန်ခရိုင်ဆီ ပို့ဆောင်ထားခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ လုံခြုံရေး မြှင့်တင်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
လတ်တလောမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဒေသတွင်း နေထိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ထိုင်းမြို့ပြရောဂါထိန်းချုပ်ရေးဌာနမှ ဒါရိုက်တာ ဗီချန်ပါဝမ်က ပြောပါတယ်။
ထိုင်းအစိုးရ တာဝန်ရှိသူတွေကလည်း ဒေသတွင်း နေထိုင်သူတွေကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၅,၇၁၆ ယောက်ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူကတော့ အယောက် ၆၀ ရှိနေပါတယ်။