နယ်သာလန်၊ အီတလီနှင့် ဘယ်လ်ဂျီယံတို့ ဗြိတိန်နှင့်သွားလာမှု အဆက်အသွယ်ဖြတ်

386
ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဗီဇပြောင်းမျိုးကွဲသစ်ကို ထောက်လှမ်းတွေ့ရှိအပြီးမှာ နယ်သာလန်၊ အီတလီနဲ့ ဘယ်လ်ဂျီယံတို့က ဗြိတိန်နဲ့ အသွားအလာ အဝင်အထွက်လုပ်တဲ့ နည်းလမ်းအားလုံးကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။
နယ်သာလန်အစိုးရကတော့ ဗြိတိန်က ခရီးသည်တွေကို တင်မလာဖို့ လေကြောင်း ခရီးစဉ်တွေကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။
ဗြိတိန်ဆီ ခရီးသွားလာခွင့် ပိတ်ပင်ချက်ကို အခုကစပြီး ဇန်နဝါရီ ၁ ရက်အထိ ဆက်ထားမယ်လို့ နယ်သာလန်အစိုးရက ကြေညာချက် ထုတ်ပြန်ပါတယ်။
အခြေအနေ တိုးတက်မှုကို စောင့်ကြည့်နေမှာ ဖြစ်ပြီး ဘယ်လို သယ်ယူပို့ဆောင်ရေး နည်းလမ်းအတွက် ထပ်ဆောင်း လုပ်ဆောင်ချက်တွေကိုလည်း အစိုးရက စဉ်းစားနေပါတယ်။
ဗြိတိန်နိုင်ငံအတွင်း အမျိုးအမည် ဖော်ထုတ်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ နဂို ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်စေတဲ့ ပိုးထက် ၇၀ ရာခိုင်နှုန်း ပိုပြီး ကူးစက်လွယ်တယ်လို့ သိပ္ပံပညာရှင် တွေနဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်တို့က ဒီဇင်ဘာ ၁၉ရက်မှာ ကြေညာခဲ့ပါတယ်။
ဘယ်လ်ဂျီယံအစိုးကတော့ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ် ကူးစက်မခံရအောင် ဟန့်တားဖို့ ဗြိတိန်ကနေလာတဲ့ ရထားတွေ၊ လေယာဉ်တွေ သူ့နယ်စပ်ထဲ မဝင်ရအောင် ပိတ်ထားမယ်လို့ ဝန်ကြီးချုပ်က VRT သတင်းဌာနကို ဒီဇင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။
ဒါကြောင့် ဒီဇင်ဘာ ၂၁ ရက်က စပြီး လန်ဒန် ဘရပ်ဆဲလ်နဲ့ အမ်စတာဒမ်ကြား ပြေးဆွဲတဲ့ ဘယ်ရထားမဆို ဆက်ပြေးဆွဲနိုင်မှာ မဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။
အီတလီကလည်း ဗြိတိန်နဲ့ လွန်းပျံ လေယာဉ် ပြေးဆွဲမှုကို ဆိုင်းငံ့ဖို့ ပြင်ဆင်နေတယ်လို့ အီတလီ နိုင်ငံခြားရေးဝန်ကြီးက ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။