DVB Logo
Home
မြန်မာသတင်း
မြေတန်ဖိုး မြင့်တက်မှုပြဿနာ အခွန်စည်းကြပ်မှု တခုတည်းဖြင့် မဖြေရှင်းနိုင်
DVB
·
August 28, 2013
Donate to DVB

မြေယာတန်ဖိုးမြင့်တက်နေတဲ့ ပြဿနာကို အစိုးရက ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ၀င်ငွေအပေါ်  အခွန်ကို ပိုမိုစည်းကြပ်ကောက်ခံမှု တခုတည်းနဲ့ မဖြေရှင်းနိုင်ဘူးလို့ စီးပွားရေးမူဝါဒရေးရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့ရဲ့ စီးပွားရေးအရ အချက်အချာကျတဲ့ ဧရိယာမှာမြေယာတန်ဖိုးက စတုရန်း ၁ ပေ ပတ်လည်ကို အမေရိကန်ဒေါ်လာ ၁၀၀၀ နဲ့ ၁၅၀၀ ကြားမှာ ရှိနေပါတယ်။ ဒီတန်ဖိုးက စင်ကာပူမှာရှိတဲ့ မြေယာတန်ဖိုးထက် ရန်ကုန်မြို့ရဲ့မြေယာတန်ဖိုးက မြင့်တက်မှုရှိနေတာပါ။

မြေယာတန်ဖိုးမြင့်တက်ရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီး စီးပွားရေးမူဝါဒရေးရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာအောင်ကိုကိုက အခုလို ပြောပါတယ်။

“ဈေးက မြင့်လာတယ်။ ပထ၀ီအနေအထားအရ အင်မတန် အချက်အခြာကျတဲ့ နိုင်ငံတခုဖြစ်တယ်။ နံပါတ် ၁ အချက် တရုတ်နဲ့ အိန္ဒိယကြားမှာရှိတဲ့ အထူးသဖြင့် တရုတ်ရဲ့ စိတ်ဝင်စားမှုကို အခံရဆုံးနိုင်ငံဖြစ်တယ်။ နံပါတ် ၂ အချက်က အနာဂတ်မှာ ဖွံ့ဖြိုးမှုအနေနဲ့ မြင့်မားမယ်လို့ အားလုံးက မျှော်လင့်ထားတဲ့ နိုင်ငံတခုဖြစ်တယ်။ အဲဒီအပြင် မြေဈေးမြင့်တဲ့ ပြဿနာတွေ အများကြီးရှိတယ်။ နံပါတ် ၃ အချက်က ရင်းနှီးမြှုပ်နှံမှု ဈေးကွက်က မရှိသေးဘူး။ မြန်မာနိုင်ငံ အထူးရှယ်ယာဈေးကွက်တို့ မရှိသေးဘူး။ ငွေပိုငွေလျှံ ရှိတဲ့လူတွေက မြေကို ၀ယ်ကြတာတွေ ရှိကြတယ်၊ အဲဒါတွေလည်းပါတယ်။ နံပါတ် ၄ အချက်ကတော့ ကျနော်တို့ ဒီမြေလွတ်မြေရိုင်းတွေကို တချို့ တရားမ၀င် သိမ်းတာတွေ၊ နိုင်ငံတော်ကလည်း စီမံကိန်းတွေအတွက် မြေတွေ သိမ်းတာ ရှိခဲ့သလို မြို့ပြစီမံကိန်းတို့ကလည်း တဖက်က မြေဈေးရဲ့ ဈေးကွက်ကို ကမောက်ကမ ဖြစ်သွားတာလည်းပါတာပေါ့။ အဲဒီလိုအချက်တွေအပြင် ဈေးကွက်စီးပွားရေး စနစ် သိပ်ပီပီပြင်ပြင်ဖြစ်နိုင်တဲ့ အနေအထားမရှိဘူး။ ကျနော် ဘာကိုပြောတာလဲဆိုတော့ ၀င်ငွေခွဲဝေမှု ပြဿနာပေါ့နော်။ ၀င်ငွေ ခွဲဝေမှု ပြဿနာ မမျှတမှုအနေနဲ့ ကြည့်မယ်ဆိုရင် ကျနော်တို့နိုင်ငံ တော်တော်လေးကြီးမားတဲ့ နိုင်ငံတခုပဲ။ ရှိတဲ့လူတွေက ဒီမြေတွေကို ၀ယ်ကြတာ။ နိုင်ငံတကာကနေပြီးတော့ ငွေကြေးအရင်းနှီးတွေ နည်းမျိုးစုံနဲ့ စီးဝင်တယ်၊ စီးဝင်တယ်ဆိုတာ ငွေမည်းကို ပြောတာ။ အဲဒီလို စီးဝင်ပြီးတော့ မြေကွက်ကို ဈေးကစားတယ်၊ အထူးသဖြင့် အချက်အခြာကျတဲ့နေရာတွေပေါ့။”

မြေယာတန်ဖိုးမြင့်တက်မှုရဲ့အကျိုးဆက်ကြောင့် နိုင်ငံမှာ ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်တဲ့အပြင် အခြားအကျိုးသက်ရောက်မှုတွေပါ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

“နိုင်ငံတကာ ဈေးကွက်ထဲမှာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ ၀င်လာချင်သော်လည်း မြေဈေးမြင့်လို့ဆိုပြီးတော့ စွန့်ခွာပြီးတော့ မလာချင်တော့တာ၊ အဲဒီလိုမျိုး ဖြစ်အောင် တမင်လုပ်တာလားဆိုတဲ့စိတ် ကျနော်မှာ တခုရှိတယ်။ မြေဈေးကို  အဆမတန် ပေးမြှင့်ဝယ်လိုက်တဲ့အတွက် ကုန်ထုတ်လုပ်မှုစရိတ်တွေမြင့်သွားတယ်။ သူတို့နိုင်ငံက ထုတ်ကုန်တွေနဲ့ ကျနော်တို့နိုင်ငံက ထုတ်ကုန်တွေ နိုင်ငံတကာ ဈေးကွက်မှာ ဈေးနှုန်းတွေ ယှဉ်လို့ မရဘူးဖြစ်သွားတယ်။ ယှဉ်ရောင်းလို့မရဘူးပေါ့။ နောက်တခါ ထုတ်လုပ်နိုင်တဲ့အမျိုးအစားတွေမှာလည်း ကျနော်တို့က မတိုးတက်လာတော့ဘူး။ နောက်တဖက်က သူတို့က ကျနော်တို့နိုင်ငံက မြေကို ၀ယ်ထားတဲ့အခါမှာ ကျနော်တို့ နိုင်ငံသား တော်တော်များများအတွက်က ကုန်ဈေးနှုန်းတွေ လိုက်မြင့်တယ်၊ မြင့်တော့ စားသောက်မှုစရိတ်တွေမြင့်တယ်။ ဆင်းရဲမွဲတေတယ်၊ ဆင်းရဲမွဲတေတော့ သူတို့နိုင်ငံအပေါ်မှာ ပိုမိုအားထားတာတွေဖြစ်လာတယ်၊ အဲလိုမျိုးဖြစ်အောင် တမင်လုပ်ထားလားဆိုပြီး ဖြစ်လာတယ်။”

မြေယာတန်ဖိုးမြင့်တက်နေတဲ့ ပြဿနာ ပြေလည်အောင် ဖြေရှင်းဖို့ နည်းလမ်းနဲ့ပတ်သက်ပြီး ဒေါက်တာအောင်ကိုကိုက အခုလို ပြောပါတယ်။

“ရှိသင့်ရှိထိုက်တဲ့ ဈေးနှုန်းထက် အဆမတန်မြင့်တယ်။ အဲဒါကို ကျနော်တို့ ဘယ်လိုထိန်းချုပ်တယ်ဆိုတာထက် ရှိသင့်ရှိထိုက်တဲ့ ဈေးနှုန်းထက် မပိုအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားနိုင်တာပေါ့နော်။ ရှိသင့်ရှိထိုက်တဲ့ ဈေးနှုန်းထက် မပိုအောင် ဘယ်လိုလုပ်ရမလဲဆိုရင် မူဝါဒကတော့ တခုတည်နဲ့မရဘူး။ ငွေကြေး၊ ဘဏ္ဍာတွေ၊ အစိုးရရဲ့ မူဝါဒတွေ၊ အခွန်မူဝါဒတွေနဲ့ အများကြီး ဆက်နွှယ်တယ်။ ဈေးကွက်စီးပွားရေး စနစ်ကို ပီပြင်အောင် ဖြစ်ပေါ်အောင်လုပ်ရမယ်၊ ၂၀၁၅ မတိုင်ခင်မှာပေါ့။ အမြန်ဆုံး ရင်းနှီးမြှုပ်နှံမှုဈေးကွက် စနစ်ပေါ်လာအောင် လုပ်ရမယ်။ ရင်းနှီးမြှုပ်နှံမှုဈေးကွက် ပေါ်လာသော်ငြားလည်း လူတိုင်းက ရင်းနှီးမြှုပ်နှံချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာအောင်၊ ဖြစ်ပေါ်စေတဲ့ ဈေးကွက်ဖြစ်လာဖို့ လိုတာပေါ့။”

အိမ်၊ ခြံ မြေအရောင်းအ၀ယ်အပေါ် လက်ရှိ အခွန်ကောက်ခံရာမှာ တံဆိပ်ခေါင်းခွန်အပါအ၀င် ၀င်ငွေခွန်အတွက် ၃၇ ရာခိုင်နှုန်း အခွန်ပေးဆောင်နေရတာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ အခွန်ပိုမိုစည်းကြပ်ကောက်ခံလာမယ်ဆိုရင် အိမ်ခြံမြေဈေးကွက်အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက အခုလိုပြောပါတယ်။

“တိုးမယ်၊ မတိုးဘူးဆိုတာ နိုင်ငံတော် အစိုးရရဲ့ ပေါ်လစီကိစ္စဖြစ်တယ်။ ကျနော်တို့က ဘာမှကြိုတင်ပြောလို့မရဘူး။ တိုးတယ်၊ လျော့တယ် ဆိုတာ ဖြစ်ပြီးခါမှ ကျနော်တို့ရဲ့ အိမ်ခြံမြေကိစ္စကို ဘယ်လိုရိုက်ခတ်တယ်ဆိုတာ ပြောလို့ရမှာ ဖြစ်ပါတယ်။”

ရန်ကုန်မြို့ရဲ့ စီးပွားရေးအရအချက်အချာကျတဲ့ ဧရိယာမှာ မြေယာတန်ဖိုးတွေ အခုလိုမြင့်တက်နေပေမယ့် ဒီဈေးနှုန်းတွေက ခေါ်ဈေးသာဖြစ်ကြောင်း၊ ပြည်တွင်းအခွန်ဦးစီးဌာနအနေနဲ့ အခွန်စည်းကြပ် တာနဲ့ပတ်သက်ပြီး မကြာမီ ထုတ်ပြန်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်က အတိအကျ ပြောလို့မရဘူး။ မြို့နယ် အလိုက်ကိုး အချက်အခြာကျတဲ့နေရာတွေ အများကြီးရှိတယ်၊ မြို့နယ်အလိုက်ဆိုတဲ့နေရာမှာလည်း တခုရှိတာက မြို့နယ်မှာက တန်ဖိုးရှိတဲ့နေရာတွေ ရှိသလို ဈေးမရှိတဲ့နေရာတွေလည်းရှိတယ်၊ အရောင်းအ၀ယ်ဖြစ်တဲ့ သတင်းဟာ မကြားရသလောက်ပါပဲ။ သူတို့ အခွန်ကြီးကြပ်ဖို့အတွက်ကို အခွန်ဌာနအဖွဲ့ကနေပြီးတော့ ထုတ်ပြန်တဲ့ စာရင်းထဲမှာ ထွက်လာပါလိမ့်မယ် မကြာခင်အတွင်းမှာ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013