မဟာချိုင်က ကိုဗစ်ကူးခံရသည့် ရွှေ့ပြောင်းလုပ်သား ၅၀၀ ကျော်ထဲ မြန်မာက အများဆုံးပါဝင်

ထိုင်းနိုင်ငံ မဟာချိုင်ဒေသက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ ရွှေ့ပြောင်းလုပ်သားတွေထဲမှာ မြန်မာအလုပ်သမားတွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။ တရက်တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူဦးရေ ၅၀၀ ကျော် စံချိန်တင် တိုးလာအပြီးမှာ ထိုင်းအစိုးရဟာ လူအယောက် ၁၀,၀၀၀ ကျော်ကို ကူးစက်ခံ ဟုတ်၊ မဟုတ် စစ်ဆေးနေတယ်လို့ အရာရှိတယောက်က ဒီဇင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။ တနင်္ဂနွေနေ့မနက်အထိ အတည်ပြုခဲ့တဲ့ ကူးစက်ခံအသစ် ၅၇၆ ယောက်ထဲမှာ ၅၁၆ ယောက်က ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပြီး သူတို့ထဲက အများစုက မြန်မာနိုင်ငံသားတွေပါ။ မြို့တော်ဘန်ကောက်နားက စမွတ်စာခွန်ခရိုင် မဟာချိုင်ဒေသ တလာ့တ်ကွန်းဈေးကြီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်က ထိုင်းအမျိုးသမီး ၁ ဦးဆီကနေ ကိုဗစ်-၁၉ ပိုးတွေ့ရှိတဲ့နောက်ပိုင်း ထိစပ်မှုရှိသူတွေကို ဆက်လက်စစ်ဆေးနေတာပါ။ အဲဒီ တလာ့တ်ကွန်းဈေးကြီးဟာ ဖောက်သည်တွေကို လက်ကား ရောင်းနေတာဖြစ်ပြီး လာဝယ်တဲ့သူတွေက ထိုင်းတွေဖြစ်ကာ အလုပ်သမားအများစုက မြန်မာတွေ ဖြစ်တယ်လို့ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့မှ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ မဟာချိုင်မှာ ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၆၀  ကျော် ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း ၇၀၀ နီးပါးရှိသွားပြီလို့ ဆိုပါတယ်။ ထိုင်းကျန်းမာရေး အာဏာပိုင်တွေကတော့ အမြန်တုံ့ပြန်ဆောင်ရွက်ခဲ့တာကြောင့် ကိုဗစ်-၁၉ ကူးစက်မှုကို ကန့်သတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၁၇ ရက်က နိုင်ငံခြားသား ခရီးသည်တွေ လာလည်ဖို့ ခွင့်ပြုရေး ကန့်သတ်ချက်တွေ ဖြေလျှော့ပေးပြီးချိန်မှ ကူးစက်မှု တကျော့ပြန် မြင့်တက်လာတာလည်း ဖြစ်ပါတယ်။ စင်ကာပူနဲ့ မလေးရှား အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ရွှေ့ပြောင်း လုပ်သားတွေကြား ကူးစက်ခံ ထောင်ချီရှိခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၅,၂၈၉ ကျော်နဲ့ သေဆုံးသူ အယောက် ၆၀ ရှိပြီလို့ သိရပါတယ်။ Photo : Ye Min

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up