ကိုဗစ်အတွက် တိုင်းနှင့်ပြည်နယ် ကျန်းမာရေး/ကုသရေး ဦးစီးမှူးများကို လုပ်ပိုင်ခွင့်ပေး
DVB
·
December 20, 2020
ကိုဗစ်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတွေကို ကျန်းမာရေးအရှိတွေအဖြစ် တာဝန်ပေးလိုက်ပြီး တိုင်းနဲ့ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူးတွေကိုတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး တားမြစ် ကန့်သတ်ပိတ်ပင်မိန့်တွေ ထုတ်ပြန်ခွင့်ပေးလိုက်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အခုလို တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ပေးလိုက်တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကပဲ ကျန်းမာရေးဝန်ကြီးဟာ ကိုဗစ်ရောဂါကို ကူးစက်မြန်ရောဂါ ဒါမှမဟုတ် တိုင်ကြားရမယ့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေမှာပါတဲ့ ကျန်းမာရေးအရာရှိ ဆိုတာအတွက် ဘယ်သူ့တွေကို တာဝန်ပေးတယ်လို့ မထုတ်ပြန်ထားခဲ့ပါဘူး။
အခုတော့ အဲဒီတာဝန်ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတွေကို ပေးအပ်လိုက်တာ ဖြစ်ပါတယ်။
ပြီးတော့ ဥပဒေအရ ရောဂါဖြစ်နေသူကို အိမ်ကနေ ထွက်ခွာခွင့်၊ ရောဂါဖြစ်နေတဲ့ အိမ်၊ ရပ်ကွက်၊ ရွာ၊ မြို့က လူတွေကို ပြင်ပကို ထွက်ခွာခွင့်၊ အဲဒီနေရာတွေကို တခြားနေရာကလူတွေ ဝင်ရောက်ခွင့် စတဲ့ တားမြစ်မိန့်တွေ ထုတ်ပြန်ဖို့အတွက်လည်း တိုင်းနဲ့ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူးတွေကို လုပ်ပိုင်ခွင့် အပ်နှင်းတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၁၅,၁၈၇ ယောက်၊ သေဆုံးသူ ၂,၄၂၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၉၄,၁၁၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။