ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA “ဝ” အထူးဒေသ ၂ မှာ တနယ်နဲ့တနယ် အသွားအလာကန့်သတ်ပြီး ဂိတ်တွေ ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။
ဝအထူးဒေသ ၂ မှာ မတ်လကစတင်ကာ တန့်ယန်း-လားရှိုး လမ်းပိုင်းဘက်ကို လူဝင်လူထွက် ပိတ်ထားခဲ့ပြီး ကုန်စည်လဲလှယ်မှုကို မိုင်းပတ်ဂိတ်မှာသာ လုပ်စေခဲ့ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၁၇ ရက်နေ့မှစပြီး ပြည်ထောင်စုအစိုးရနယ်မြေ၊ မိုင်းလားမြို့တွေနဲ့ နှစ်လကြာ ဆက်လက်ပိတ်ထားမယ်လို့ ဒီဇင်ဘာ ၁၇ ရက်က ကြေညာထားတယ်လို့ သိရပါတယ်။
လားရှိုး-ပန်ဆန်း ကားဂိတ်က ကိုအိုက်မောက်က “မတ်လကစပြီး ကုန်စည်လဲလှယ်မှု ရခဲ့ပါသေးတယ်။ ဝ ဒေသထဲမှာ တနယ်နဲ့တနယ် မကူးရတော့လို့ ကုန်လက်ခံမယ့်လူတွေဟာ မိုင်းပတ် ဂိတ်ပေါက်ထိဝောာင် လာသယ်ယူလို့ မရဘူးဖြစ်နေတယ်။ ဒါကြောင့် ဒီဇင်ဘာ ၁၇ ရက်နေ့မနက် လားရှိုးကနေ ကုန်အပြည့်နဲ့ကား ၁၀ စီးဟာ ကုန်ပစ္စည်းပါ ချပေးခဲ့လို့ မရတော့လို့ အားလုံးပြန်လှည့်ခဲ့ရတယ်” လို့ ပြောပါတယ်။
‘ဝ’ ဒေသတွင်း ပန်ခမ်း နဲ့ မိုင်းပေါက်၊ မိုင်းလင်း၊ မိုင်းမောမြို့တွေကို လူသွားလာခွင့် ဒီဇင်ဘာ ၁၆ ရက်နေ့ကနေ ၁၀ ရက်ကြာ ယာယီပိတ်ပင်ထားမှာဖြစ်ပြီး ဒေသတွင်း ကုန်ပစ္စည်းတွေကို ကျန်းမာရေးလက်မှတ် ကိုင်ဆောင်ထားတဲ့ ယာဥ်မောင်းတွေကိုသာ သယ်ယူဖို့ ကန့်သတ်ထားမယ်လို့ သိရပါတယ်။
ကုန်စည်စီးဆင်းမှုကိစ္စနဲ့ စားနပ်ရိက္ခာ မပြတ်လပ်အောင် ဆောင်ရွက်မယ့်အခြေအနေကို လက်ရှိမှာ မပြောနိုင်သေးပေမယ့် ပိတ်ပင်မှုတွေကဟာ ယာယီသာဖြစ်တယ်လို့ ဝ ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း ပြောပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ‘ဝ’ အထူးဒေသ ၂ မှာ ဒီဇင်ဘာ ၁၅ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ပြီးနောက် ၁၆ ရက်နေ့မှာ ပန်ဆန်းမြို့က ပြည်သူတွေဟာ ဆန်တွေ၊ ကြက်ဥတွေ အလုအယက်ဝယ်ခဲ့ကြပြီး ၁၇ နေ့မှာတော့ ကုန်စုံဆိုင်တွေလည်း ဆိုင်ပိတ်ထားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဝ အထူးဒေသ ၂ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ ရိက္ခာပစ္စည်းတွေ သိုလှောင်တာနဲ့ ကုန်စျေးနှုန်းမြှင့်တင်တာကို တားမြစ်လိုက်ပြီး၊ ကုန်ပစ္စည်းတွေကို ပုံမှန်စျေးရဲ့ ၅ ရာခိုင်နှုန်းထက် မပိုရဘူးလို့ ဆိုထားပြီး၊ မလိုက်နာသူများကိုလည်း ၁၀၀ ရာခိုင်နှုန်း ဒဏ်ငွေပေးဆောင်ရမယ်လို့ ကြေညာလိုက်ပါတယ်။
အခြေခံစားသောက်ကုန်တွေ၊ ဟင်းသီးဟင်းရွက် သားငါးတွေကိုလည်း ဈေးတင်မရောင်းရအောင် တရုတ်ယွမ်ဈေးနှုန်းနဲ့ သတ်မှတ်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်ဘက် ကုန်စည်အဝင်ကတော့ ဆက်လက်ဝင်ရောက်နေတယ်လို့ သိရပြီး အခုလို ကိုဗစ်ကူးစက်မှုတွေ ရှိလာတာဟာ တရုတ်နိုင်ငံသားတွေ တရားမဝင် ဝင်ရောက်နေထိုင်သွားလာမှုနဲ့ မိုင်းလား၊ မိုင်းပေါက်၊ တာချီလိတ်၊ မြဝတီဘက်ကို ကူးသန်းသွားလာနေတာကြောင့် ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
သတင်း – နန်းစံပယ်၊ ဓာတ်ပုံ – AiKhamLyan/Sai Laung