ယူအန်အက်ဖ်စီနှင့် အစိုးရငြိမ်းချမ်းရေးက်ာမတီ ဆွေးနွေး
DVB
·
August 27, 2013
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့နဲ့ အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ အလုပ်အဖွဲ့တို့ ရှေ့ဆက် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် မူဘောင်တွေ ချမှတ်နိုင်ဖို့ ဒီကနေ့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးချက်တချို့နဲ့ပတ်သက်ပြီး အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အလုပ်အဖွဲ့ဝင် ဦးညိုအုန်းမြင့်က “အဓိက အစိုးရဘက်က ချထားတဲ့ အခြေခံမူ ၈ ချက်နဲ့ သူတို့ဘက်က ချထားတဲ့ ၆ ချက်ကို ဆွေးနွေးပါတယ်။ ဆွေးနွေးဖို့အတွက်ကို ကျနော်တို့ လမ်းပြမြေပုံတခုပေါ့နော်၊နိုင်ငံရေး ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊ နှစ်ဖက်စလုံးကနေပြီးတော့ ဘယ်လိုပုံစံနဲ့ သွားရင် ကောင်းမလဲ၊ တယောက်နဲ့ တယောက်အပြန်အလှန် ညှိနှိုင်းတဲ့ သဘောပါပဲ” လို့ ပြောပါတယ်။
ဒီအကြိုညှိနှိုင်းမှုပြီးရင် အစိုးရပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းပါဝင်တဲ့ ဆွေးနွေးမှုကို လာမယ့် စက်တင်ဘာ ပထမအပတ်မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံမှာ ပြုလုပ်ပြီး ယူအန်အက်ဖ်စီ အဖွဲ့ဝင် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေက ခေါင်းဆောင်တချို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။