ကချင်ပြည်နယ်တွင် သက်ငယ်မုဒိမ်း ဖြစ်ပွားမှုနှုန်း မြင့်တက်လာ
DVB
·
December 19, 2020
ကချင်ပြည်နယ်မှာ သုံးနှစ်အတွင်း မုဒိမ်းမှု ဖြစ်ပွားနှုန်း နှိုင်းယှဥ်ချက်အရ ၂၀၂၀ ပြည့်နှစ်မှာ မုဒိမ်းမှု အမြင့်ဆုံး ဖြစ်ပွားခဲ့တယ်လို့ ကချင်ပြည်နယ် ရဲမှူးကြီးက ပြောပါတယ်။
ကချင်ပြည်နယ်ရဲမှူးကြီး ဉာဏ်မြင့်ကျော်က “ဒီ ၂၀၂၀ မှာ အမှုကြီးတွေ များလာတယ်။ ဘာများလာသလဲဆိုတော့ မုဒိမ်းမှု များလာတယ်။ မုဒိမ်းမှုတွေထဲမှာမှ သက်ငယ်မုဒိမ်းမှုတွေ များလာတာ တွေ့ရတယ်” လို့ ပြောပါတယ်။
ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ စာရင်းတွေအရေ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၂ ရက်နေ့အထိ မုဒိမ်းမှု ၄၄ မှု၊ ၂၀၁၉ ခုနှစ်မှာ မုဒိန်းမှု ၂၁ မှု၊ ၂၀၁၈ ခုနှစ်မှာ မုဒိမ်းမှု ၃၅ မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေမှာ စိတ်ပုံမှန်အခြေအနေမှာမရှိဘဲ အရက်မူးနေတဲ့သူ၊ မူးယစ်ဆေးဝါး သုံးစွဲထားသူတွေနဲ့ အခုနောက်ပိုင်းမှာ ဖခင်အရင်းဖြစ်သူက သမီးအရင်းကို မုဒိမ်းကျင့်မှုတွေလည်း ရှိလာတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်မှာ အမှုကြီးဖြစ်ပွားမှုနှုန်းအနေနဲ့ ၂၀၁၈ ခုနှစ်မှာ ၁၃၈ မှု၊ ၂၀၁၉ ခုနှစ်မှာ ၉၃ မှုနဲ့ ၂၀၂၀ နိုဝင်ဘာလအထိ ၁၀၇ မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သတင်း - မီးမီး