A d v e r t i s e m e n t With Us

မန္တလေးတိုင်း၌ ကိုဗစ်စည်းကမ်းချိုးဖောက်သူများထံမှ ဒဏ်ကြေး ကျပ်သိန်း ၆၆၀ ကျော်ရရှိ

မန္တလေးတိုင်းမှာ ဒီဇင်ဘာ ၅ ရက်ကစလို့ Stay at Home ထုတ်ပြန်ခဲ့ပြီး မြို့နယ်ကျော်သွားလာတာတွေကို ဒဏ်ရိုက်ခဲ့လို့ ဒီဇင်ဘာ ၁၅ ရက်ညနေပိုင်းအထိ ဒဏ်ရိုက်ခံရသူပေါင်း ၁၃,၂၂၂ ယောက်ဆီကနေ ဒဏ်ကြေး ကျပ်သိန်း ၆၆၀ ကျော်ရထားပါတယ်။ ဒီဒဏ်ကြေးတွေကို မန္တလေးခရိုင်ထဲက ပြည်သူလူထုအတွက်က လွဲပြီး တခြားဘယ်နေရာမှာမှ မသုံးဘူးလို့လည်း တိုင်းအစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ကုသရေးအတွက် မန္တလေးတိုင်းဘတ်ဂျက်က ကျပ်သိန်း ၁၅,၇၂၁ ကျော်၊ အလှူရှင်တွေရဲ့ ကိုဗစ် ရန်ပုံငွေထဲက ကျပ်သိန်း ၁၀,၂၆၂ ကျော် သုံးခဲ့ပြီးပြီလို့ ဆိုပါတယ်။ အလှူရှင်ပေါင်း ၄၅၀ လောက်က လှူဒါန်းထားတာဟာ ကျပ်သိန်း ၂၃,၅၁၇ ကျော်ဖြစ်ပြီး ကိုဗစ်-၁၉ စစ်ဆေးစမ်းသပ်ခအနေနဲ့ ရတာကတော့ ကျပ်သိန်း ၁,၁၈၇ ကျော် ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းအရေးပေါ်ရန်ပုံငွေအဖြစ် ကျပ်သိန်း ၁၀,၀၀၀ လည်း ရခဲ့ပြီး ဒီထဲကနေ ခရိုင်နဲ့ မြို့နယ် ကိုဗစ် ကာကွယ်ကုသရေးကော်မတီတွေအတွက် ကျွေးမွေးစရိတ်၊ လုပ်ငန်းသုံးပစ္စည်းနဲ့ အုပ်ချုပ်မှုစရိတ်တွေ ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျပ်သိန်း ၁၅,၇၂၁ ကျော်သုံးခဲ့ပေမယ့် တိုင်းထဲမှာ ရောဂါကူးစက်ဖြစ်ပွားတာ မလျော့သေးသလို နောက်ထပ် ကွာရန်တင်းစင်တာ ၃ ခု ထပ်ဖွင့်ဖို့ စီစဉ်နေပြီး လက်ရှိ ကွာရန်တင်းဝင်နေသူပေါင်း ၂,၇၁၆ ယောက်ရှိနေပါတယ်။ တိုင်းအစိုးရဟာ အလှူငွေတွေအပါအဝင် ဝင်ငွေတွေနဲ့ ထောက်ပံ့ငွေ၊ လှူဒါန်းငွေ၊ သုံးစွဲငွေတွေကို တခုချင်းအလိုက် အသေးစိတ် ထုတ်ပြန်ပေးထားပါတယ်။ အိမ်မှာနေရမယ့် အစီအစဉ်ကို ရပ်လိုက်တာ၊ ဒဏ်ရိုက်တာကို ရပ်လိုက်ပေမဲ့ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်တွေနဲ့အညီ နေထိုင်သွားကြဖို့ကိုလည်း တိုင်းအစိုးရက ပန်ကြားထားပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၁၈ ရက်ကစပြီး  Stay at Home အစီအစဉ်နဲ့ ကိုဗစ်စည်းကမ်းတွေမလိုက်နာသူတွေကို ဒဏ်ရိုက်တာ မလုပ်တော့ဘူးလို့လည်း တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up