Homeမြန်မာသတင်း
သင်္ဃန်းကျွန်းတွင် လူငယ် ၂ ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့်သေဆုံး၊ သေတမ်းစာ သွေးစွန်းနေသဖြင့် ဖတ်မရ
သင်္ဃန်းကျွန်းတွင် လူငယ် ၂ ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့်သေဆုံး၊ သေတမ်းစာ သွေးစွန်းနေသဖြင့် ဖတ်မရ
သူဇာလင်း
·
December 18, 2020
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ် ၆ လမ်း၊ အပိုင်း(၃)မှာရှိတဲ့ တိုက်အမှတ် (၄၀၅) ၊ ပထမထပ် ၊ အလှပန်းစည်းဆိုင်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ဒီဇင်ဘာ ၁၇ ရက် နေ့လည်၂နာရီဝန်းကျင်လောက်က လည်ပင်း ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်။
သေဆုံးသူတွေကတော့ အသက် ၂၂ နှစ်အရွယ် မောင်ဘုန်းမြင့်မြင့်မောင်နဲ့ အသက် ၂၄ နှစ်အရွယ် မစန္ဒာထွေးတို့ဖြစ်ပြီး နှစ်ဦးစလုံးဟာ လည်ပင်းတစ်ဝက်နီးပါး ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကိုတော့ CID နဲ့ မြို့နယ် ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခဲ့ပါတယ်။
သေဆုံးသူအမျိုးသားရေးထားတဲ့ သေတမ်းစာကိုတော့ ရဲက သိမ်းဆည်းထားပြီး ချစ်သူရည်းစား ခိုက်ရန်ဖြစ်ပွားပြီး သေဆုံးတယ်လို့ ရဲတပ်ဖွဲ့က ထင်မြင်ချက်ပေးသွားတယ်လို့ ငမိုးရိပ် ရပ်ကွက် ရာအိမ်မှူး ဦးတင်မြကပြောပါတယ်။လက်ရှိမှာတော့ သေဆုံးသူရေးထားတဲ့ သေတမ်းစာက သွေးစွန်းပေနေတာကြောင့် ဖတ်လို့မရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် သေဆုံးသူတွေဟာ လည်ပင်းတစ်ဝက်နီးပါး ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ကြောင့် ဘယ်လိုသေဆုံးတယ်ဆိုတာက စဉ်းစားစရာဖြစ်နေသလို၊ လက်ရှိမှာတော့ ဘာကြောင့် သေဆုံးတယ်ဆိုတာကို အတိအကျမပြောနိုင်သေးဘူး ရဲစခန်းက ပြောတဲ့ အကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။
အဲဒီတိုက်ခန်းမှာတော့ သေဆုံးသူတွေအပြင် အမျိုးသမီးသူငယ်ချင်းနဲ့စုစုပေါင်း ၃ ဦး ငှားရမ်းနေထိုင်တာတစ်နှစ်ခွဲနီးပါးရှိပြီး မကြာခဏလည်း ခိုက်ရန်ဖြစ်ပွားကြတယ်လို့ အခန်းပိုင်ရှင်က ပြောပါတယ်။