Home
မြန်မာသတင်း
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်း အမျိုးသားလွှတ်တော် အတည်ပြု
DVB
·
August 26, 2013
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်က  အတည်ပြုလိုက်ပါတယ်။ ဒီနေ့ ကျင်းပတဲ့ ပထမကြိမ် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးမှာ  ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ဒီဥပဒေကြမ်းကို ပုဒ်မ အချို့ပယ်ဖျက်ပြီး အတည်ပြုလိုက်တာပါ။ ပြန်ကြားရေးက ရေးဆွဲထားတဲ့ မူလဥပဒေကြမ်းထက်စာရင် ဗဟိုချုပ်ကိုင်မှု လျော့နည်းသွားတယ်လို့ အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ “ပထမတုန်းက စပြီး တက်လာတဲ့ ဥပဒေမူကြမ်းထက်စာရင် ဗဟိုချုပ်ကိုင်မှု နည်းသွားတယ်ပေါ့ဗျာ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပြန်လည်ညှိနှိုင်းပြီးတော့ လုပ်လိုက်တဲ့အခါမှာ မူလတင်ပြလိုက်တဲ့ ပုံစံမျိုးနဲ့စာရင်တော့ ဗဟိုချုပ်ကိုင်မှု အတော်များများကို လျှော့ပေးလိုက်နိုင်ပြီလို့ မြင်တယ်ဗျ။ ကျနော်တို့က တပိုင်းကလည်း မီဒီယာအရလည်း ထိန်းသိမ်းသင့်တဲ့ အရာလေးတွေလည်း ထိန်းသိမ်းနိုင်ရအောင်၊ နောက်ပြီးတော့ ဗဟိုချုပ်ကိုင်မှုလည်း လျော့အောင် မူလ စပြီးတင်လာတဲ့ ဥပဒေကြမ်းအတိုင်းထက်စာရင်တော့ အတော်များများ လက်ခံနိုင်ဖွယ်ရာ အနေအထား  လွှတ်တော်များက ပြင်ပေးလိုက်နိုင်တယ်။” ဒီဥပဒေပါအချက် ၅ ချက်ကို ပြင်ဆင်ပေးဖို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က တောင်းဆိုခဲ့တာကို ၄ ခုကို ပယ်ဖျက်ပြီး အတည်ပြုပေးလိုက်တာပါ။ မပယ်ဖျက်ပေးတဲ့အချက်နဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က အခန်း ၃ ပုဒ်မ ၆ အရ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေးခြင်းလုပ်ငန်းကို ဆောင်ရွက်လိုသူတွေဟာ အချက်အလက် ပြည့်စုံစွာနဲ့ ၀န်ကြီးဌာနတွေကို လျှောက်ထားရမှာ ဖြစ်ပြီး ပုဒ်မ ၆ အရ လျှောက်ထားသူကို သတ်မှတ်ကာလအတွင်း ၀န်ကြီးဌာနက လုပ်ငန်းအသိအမှတ်ပြုလက်မှတ် ထုတ်ပေးရမယ်လို့ ပုဒ်မ ၇ မှာ ပြဋ္ဌာန်းထားတယ်လို့ ပြောပါတယ်။ ဒီဥပဒေဟာ မီဒီယာ လွတ်လပ်ခွင့်တွေနဲ့ ထုတ်ဝေသူတွေကို ဖိအားပေးထိန်းချုပ်မယ့် ဥပဒေ ဖြစ်တယ်ဆိုပြီး မီဒီယာသမားတွေက ဝေဖန်ကန့်ကွက်နေတဲ့ ဥပဒေလည်းဖြစ်ပါတယ်။ ဒီဥပဒေကို ပြီးခဲ့တဲ့  ဇူလိုင် ၄ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့ပြီး အခု အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့အတွက်  ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက် ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024