Live
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် အရက်ကြောင်ပြီး ကလေးကိုဓားထောက် ခေါ်ဆောင်သွားသူ ၁ ဦးဖမ်းမိ
DVB
·
December 17, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်မှာ  ဒီဇင်ဘာ ၁၆ ရက်မနက်က  ရေခဲခြစ်ဝယ်စားနေတဲ့ ကလေးငယ် တယောက်ကို  တဝင်းထဲမှာ အိမ်အတူတူငှားနေတဲ့ အမျိုးသားတယောက်က အရက်ကြောင်ပြီး ကလေးကို ဓားထောက်ကာ ခေါ်ဆောင်ထွက်ပြေးသွားလို့  ရဲနဲ့ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့ရပါတယ်။ နယ်မြေရဲစခန်းက ရဲအုပ်ကျော်ဇေယျက “ကလေးမိဘတွေက အပြင်သွား​ နေချိန်မှာ (၇နှစ်) ကလေးလေးက ရေခဲခြစ်ထွက်ဝယ်တာကို တဝင်းထဲအိမ်အတူတူ ငှားနေတဲ့သူက ဓားနဲ့ထောက်ပြီး ပွေ့ခေါ်ထွက်ပြေးတာပေါ့။ သူက ရည်ရွယ်ချက်ရှိရှိလုပ်တာတော့ မဟုတ်ဘူး။ ကလေးကို ရောင်းစားဖို့ ငွေကြေးရလိုမှုတွေကြောင့် ခြိမ်းခြောက်ခေါ်ဆောင်သွားတာ မဟုတ်ဘူး။ ရုတ်တရက် အရက်ကြောင်ပြီး ကောက်ခေါ်သွားတဲ့ အချိန်မှာ ရဲတွေနဲ့ရပ်ကွက်ပြည်သူတွေ အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းဖမ်းဆီးခဲ့တာပါ”လို့ ပြောပါတယ်။ အဲ့ဒီကလေးကို ဖမ်းဆီးခေါ်ဆောင်သွားသူဟာ ကျပန်းအလုပ်လုပ်ပြီး အမျိုးသမီးဖြစ်သူနဲ့ မကြာခဏ စကားများရန်ဖြစ်တတ်တယ်လို့လည်း အိမ်နီးနားချင်းတွေထံကနေ သိရပါတယ်။ ကလေးကိုခေါ်ဆောင်ထွက်ပြေးခဲ့တဲ့ အောင်ထွန်းနိုင်ကို မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းမှာ ကလေးငယ်ကိုဘေးအန္တရာယ်နဲ့ အသက်အန္တရာယ်ဖြစ်အောင် ပြုလုပ်မှု၊ လက်နက်ကိုင်ဆောင်မှုတို့နဲ့  ဖမ်းဆီး အရေးယူထားပါတယ်။ သတင်း - မီးမီး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024