ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် စာရင်းကောက်ထားသည့် ကျန်းမာရေးဝန်ထမ်း ၁ သိန်း ကျော်ရှိ

ဓာတ်ပုံ - ကျန်းမာရေး ဝန်ကြီးဌာန
မြန်မာနိုင်ငံမှာ  ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိပါက ဦးစားပေးထိုးနှံပေးနိုင်ဖို့ စာရင်း ကောက်ယူထားတဲ့ ကျန်းမာရေးဝန်ထမ်းဦးရေ တစ်သိန်းကျော်လောက် ရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သိရပါတယ်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေ အသိအမှတ်ပြုထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပေါ်ထွက်လာရင် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းကို ထိုးနှံပေးသွားဖို့ စီစဉ်နေပါတယ်။   ဒီထဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရရှိရင်  ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အို တွေကို ဦးစားပေးထိုးနှံပေးဖို့ စီစဉ်နေတာပါ။ ပြီးခဲ့တဲ့အပတ်က စတင်ပြီး ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးနှံပေးမယ့် ကျန်းမာရေးဝန်ထမ်း အရေအတွက် စာရင်းကောက်ယူထားတယ်လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။  လက်ရှိမှာ ကာကွယ်ဆေးထိုးနှံပေးဖို့  ရန်ကုန်တိုင်းထဲ ကျန်းမာရေးဝန်ထမ်းတွေ အားလုံး စာရင်းကောက်ယူထားပြီး  စေတနာဝန်ထမ်းနဲ့ လူမှုဝန်ထမ်းအဖွဲ့တွေကိုလည်း ထပ်မံစာရင်းကောက်ယူဖို့ စီစဉ်နေတယ်လို့ ဒေါက်တာခင်ခင်ကြီး က ပြောပါတယ်။  မြန်မာနိုင်ငံအတွက်  COVAX  အစီအစဉ်ကနေ  ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိဖို့ ဆွစ်ဇာလန်အခြေစိုက် Gavi၊ The vaccine၊ Alliance အဖွဲ့ ကို  ဒီဇင်ဘာ ၇ ရက်နေ့က အဆိုပြုလွှာပေးပို့ထားတယ်လို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးရာမှာ ဘယ်သူ့ကိုမှ မချန်ဘဲ တစ်တိုင်းပြည်လုံးကို ထိုးပေးမှာဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း   ၁၁၀,၆၆၇ ယောက်၊ သေဆုံးသူ ၂,၃၁၉   ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၈၉,၄၁၈ ယောက်ရှိပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကုသရေးစင်တာတွေမှာ ဆောင်ရွက်နေကြတဲ့   ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေး ဝန်ထမ်းအယောက် ၁,၀၀၀ ကျော်လောက်လည်း ကိုဗစ်-၁၉ ရောဂါစက်ခံနေရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းအချက်အလက်အရ သိရပါတယ်။  သတင်း - နန့်ခိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up