နိုင်ငံခြားသားများ မြန်မာပြည်ဝင်ရောက်ခွင့်ပိတ်ပင်ထားမှု ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်တိုး
DVB
·
December 16, 2020
မြန်မာနိုင်ငံကိုလာရောက်ကြမယ့် နိုင်ငံခြားသားတွေအပေါ် ပြည်ဝင်ခွင့်ဗီဇာအားလုံး ယာယီရပ်ဆိုင်းထားတာကို ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်မံ တိုးမြှင့်သတ်မှတ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနဲ့ စပ်လျဉ်းတဲ့ ကြိုတင်ကာကွယ်ရေး ဆိုင်ရာ ကန့်သတ်ချက်တွေအားလုံးကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်တာပါ။
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်တဲ့ အစီအမံတွေ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရှေးရှူပြီး ခုလို ဆောင်ရွက်လိုက်တာလို့ ဆိုပါတယ်။
ဆက်လက်တိုးမြှင့်သတ်မှတ်လိုက်တဲ့အထဲမှာ မြန်မာပြည်ကိုလာရောက်ကြတဲ့ ခရီးသည်တွေအပေါ် ကြိုတင်ကာကွယ်ရေးကန့်သတ်ချက်၊ ဆိုက်ရောက်ဗီဇာနဲ့ အီလက်ထရောနစ် ဗီဇာထုတ်ပေးတာကို ယာယီရပ်ဆိုင်းထားတဲ့ ကြေညာချက်၊ ကမ္ဘာ့နိုင်ငံ အသီးသီးမှ မြန်မာနိုင်ငံသိုံ လာရောက်မယ့် နိုင်ငံခြားသားတွေကို ဗီဇာကင်းလွတ်ခွင့်နဲ့ လူမူရေးဗီဇာအပါအဝင် ဗီဇာအမျိုးအစား အားလုံကို ယာယီရပ်ဆိုင်းထားတဲ့ ကြေညာချက်တွေပါဝင်ပါတယ်။
ဒါပေမဲ့ အရေးပေါ် အစိုးရတာဝန်နဲ့ဖြစ်စေ၊ မလွှဲမရှောင်သာတဲ့ ကိစ္စတွေကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသား သံတမန်တွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း ဝန်ထမ်းတွေအနေနဲ့ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲမယ့် ကယ်ဆယ်ရေးလေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ လာရောက်ဖို့ရှိရင် ပြည်ဝင်ခွင့်ဗီဇာအကန့်အသတ်တွေကနေ ကင်းလွတ်ခွင့်ရဖို့ သက်ဆိုင်ရာနိုင်ငံတွေက မြန်မာသံရုံးတွေကို ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှုကို ကာကွယ်နိုင်ဖိုအတွက် ကမ္ဘာ့နိုင်ငံအားလုံးကနေ မြန်မာနိုင်ငံ ကို လာရောက်မယ့် ခရီးသွားတွေကို ပြီးခဲ့တဲ့ မတ်လကတည်းက စတင် ပြည်ဝင်ခွင့်ဗီဇာတွေ ပိတ်ထားပြီး သက်တမ်း အကြိမ်ကြိမ် ထပ်ထပ်တိုးနေတာ ဖြစ်ပါတယ်။