Home
မြန်မာသတင်း
မြန်မာရေပိုင်နက်ထဲရောက်လာသည့် ထိုင်းနိုင်ငံသား အယောက် ၂၀ ကို ပြန်လွှဲပေး
DVB
·
December 15, 2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှာ မြန်မာရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်လာခဲ့တဲ့ ထိုင်းနိုင်ငံသား အယောက် ၂၀ ကို  ဒေသဆိုင်ရာအာဏာပိုင်တွေက ဒီဇင်ဘာလ ၁၅ ရက်မှာ  ထိုင်းဘက်ကို ပြန်လည်လွှဲအပ်ခဲ့ပါတယ်။ ကော့သောင်းခရိုင်လဝကမှူး ဦးကျော်ကျော်ဦးက “ဒီသင်္ဘောပေါ်မှာ ကပ္ပတိန်နဲ့  Crew  အပါအဝင်ခရီးသည် ၂၄ ယောက်ပါပါတယ်။ မြန်မာနှစ်ယောက်ကတော့  Crew အထဲမှာ ပါပါတယ်။ အပေါ်ကလူကြီးတွေရဲ့ သဘောထားကလည်း နှစ်နိုင်ငံချစ်ကြည်ရေးအရ အရင်တုန်းကလည်း အင်ဒိုနီးရှားသင်္ဘောတစီး ဒီလိုဖြစ်စဉ်မျိုး ဖြစ်ဖူးပါတယ်။ ဒီလိုဖြစ်စဉ်မျိုးပဲ အခုလည်း သင်္ဘော တာဝန်ရှိသူနဲ့ Crew ကိုပဲ အရေးယူပြီးကျန်တဲ့ ခရီးသည်အားလုံးကို နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေ့ရှု ပြီး ဒီခရီးသည်အယောက် ၂၀ ကို ပြန်လည်လွှဲပေးတာဖြစ်တယ်”လို့ ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့က မြန်မာ့ရေပိုင်နက်အတွင်း  Roe Bankအနီး ရောက်ရှိငါးမျှားနေတဲ့ Polaris One အမည်ရှိတဲ့ အပျော်တမ်းငါးဖမ်းသင်္ဘောတစီးကို တပ်မတော်ရေတပ်က တွေ့ရှိဖမ်းဆီးပြီး အဆိုပါ ထိုင်းနိုင်ငံသားတွေကို အရပ်ဘက် ကော့သောင်းအာဏာပိုင်တွေဆီ လွှဲအပ်ခဲ့တာပါ။ ကိုဗစ်-၁၉ ကပ်ဘေးကာလ ဖြစ်​နေတဲ့အတွက် ဖမ်းမိတဲ့ထိုင်းနိုင်ငံသားတွေကို ဟိုတယ်ကွာရန်တင်း ကန့်သတ်စောင့်ကြည့်ခဲ့ပြီး  ရက်ပြည့်တာနဲ့ လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့ အာဏာပိုင်အဖွဲ့တွေဆီက စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်မှာတော့ ကော့​သောင်း ခရိုင်လဝကမှူး ဦးကျော်ကျော်ဦးနဲ့ အဖွဲ့က ထိုင်း အပျော်ထမ်းငါးဖမ်းသင်္ဘောက သင်္ဘောအရာရှိ ၁ ဦး၊ ဒုတိယအရာရှိ  ၁ ဦးနဲ့  မြန်မာနိုင်ငံသား သင်္ဘောအမှုထမ်း ၂ ဦး စုစုပေါင်း ၄ ဦးကို လဝက အက် ဥပဒေ ၁၃(၁)အရ တရားစွဲဆိုအရေးယူခဲ့ပါတယ်။ ကျန်တဲ့  ထိုင်းနိုင်ငံသား ခရီးသည် အယောက် ၂၀ ကိုတော့ ဒီကနေ့ တစ်ဘက်နိုင်ငံကို ပြန်လွဲပေးခဲ့တာဖြစ်ပါတယ်။   သတင်း- လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024