ပလက်ဝမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် အစ္စရေးက ဆန်လှူ
DVB
·
December 15, 2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ဘေးဒဏ်ခံနေရသူတွေအတွက် အစ္စရေးက ပထမဆုံး အကြိမ်အနေနဲ့ ဆန်အိတ်တွေထောက်ပံ့လိုက်တယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က ထုတ်ပြန်ပါတယ်။
ဒါဟာ အစ္စရေးအနေနဲ့ မြန်မာနိုင်ငံထဲမှာ စားနပ်ရိက္ခာအစီအစဉ်အတွက် ပထမဆုံး ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး လူ ၁,၀၀၀ ကျော်အတွက် ဆန်အိတ်တွေကို မနေ့က လွှဲပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ အစ္စရေးသံရုံးက ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာရှိတဲ့ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ဦးရေ ၁,၀၀၀ ကျော်အတွက် တလစာလုံလောက်စေနိုင်မယ့် ကီလိုဂရမ် ၅၀ ပါ ဆန်အိတ် ၃၂၀ ကို ပေးလိုက်တာဖြစ်ပြီး ရှေ့လထဲမှာ ပို့ပေးသွားမယ်လို့ WFP ရဲ့ ဆက်သွယ်ဆက်ဆံရေးအရာရှိက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး ရိုနန်ဂီလာက “မြန်မာနိုင်ငံရှိ အစ္စရေးသံရုံးအနေနဲ့ မြန်မာနိုင်ငံအတွင်းက စားနပ်ရိက္ခာနဲ့ အာဟာရလိုအပ်ချက်တွေကို ဖြည့်စည်းပေးနိုင်ရေးအတွက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ လက်တွဲဆောင်ရွက်သွားမယ့်အကြောင်း ဒီနေ့ ဂုဏ်ယူစွာနဲ့ အသိပေးကြေညာအပ်ပါတယ်။ အဓိကအနေနဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေကို အရေးပေါ်လိုအပ်နေတဲ့ ပလက်ဝဒေသအတွက် ပူးပေါင်းကူညီပေးနိုင်ဖို့ဖြစ်ပါတယ်”လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံရဲ့ ကိုယ်စား မြန်မာနိုင်ငံက အစ္စရေးသံရုံးအနေနဲ့ မြန်မာနိုင်ငံက လိုအပ်ချက်ရှိတဲ့နေရာတွေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ဆက်လက်ပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။
လတ်တလောမှာတော့ အသေးစိတ် မပြောနိုင်သေးပေမယ့် အစ္စရေးနဲ့ ဆွေးနွေးနေတာတွေ ရှိတယ်လို့ WFP ရဲ့ ဆက်သွယ်ဆက်ဆံရေးအရာရှိက ပြောပါတယ်။
တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာလည်း စစ်ဘေးရှောင်နေရသူတွေရှိနေပြီး အရေးပေါ်ရိက္ခာလိုအပ်နေသူပေါင်း ၁၀,၀၀၀ ဝန်းကျင်ရှိမယ်လို့ WFP ရဲ့စာရင်းတွေအရ သိရပါတယ်။
ဓာတ်ပုံ - WFP