ဘာလီကျွန်းဗုံးခွဲမှု နောက်ကွယ်ကစေခိုင်းခဲ့သူကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး

246
၂၀၀၂ ခုနှစ်တုန်းက လူ ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဘာလီကျွန်း ဗုံးခွဲမှုဖြစ်စဉ်မှာ နောက်ကွယ်က ကြိုးကိုင်သူလို့ ယုံကြည်ရတဲ့ သံသယရှိသူတစ်ယောက်ကို အင်ဒိုနီးရှား ရဲတွေက ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီနောက် သူ့အမှုနဲ့ပတ်သက်တဲ့ သက်သေတွေနဲ့အတူ ဂျကာတာမြို့တော်က ရဲဌာနချုပ်ဆီကို လွှဲပေးခဲ့ပြီးပြီလို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။
သံသယရှိသူ ဇူကာနာအန်ဟာ အယ်လ်ကေဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ စစ်သွေးကြွအုပ်စု ဂျမားအစ်လာမီယာရဲ့ အကြီးတန်း အဖွဲ့ဝင်တွေထဲက တစ်ယောက်လို့ ရဲက ပြောပါတယ်။
သူတို့အုပ်စုဟာ အရှေ့တောင်အာရှမှာ အစ္စလာမစ် ဘာသာရေးဆရာက အုပ်ချုပ်တဲ့ ကာလီဖိတ်နိုင်ငံ ထူထောင်ဖို့ ရည်မှန်းထားတာပါ။
အကြမ်းဖက်မှုနှိမ်နင်းရေး ရဲတွေက သူ့ကို ဒီဇင်ဘာ ၁၀ ရက်မှာ ဖမ်းခဲ့တယ်လို့ ရဲပြောခွင့်ရက ဒီဇင်ဘာ ၁၂ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဘာလီကျွန်း ဗုံးခွဲချိန်မှာ စစ်ဦးစီးမှူးဖြစ်တဲ့ ဇူကာနာအန်မှာ အဲရစ်ဆူမာစိုနို ဆိုတဲ့ နောက်နာမည်တခု ရှိသေးတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစီရင်ခံစာက ဆိုပါတယ်။
သူဟာ ဘာလီကျွန်း ဗုံးခွဲမှုမှာသာမက လူ ၁၂ ယောက် သေဆုံးခဲ့ရတဲ့ ၂၀၀၃ ဂျကာတာမြို့ ဗုံးခွဲမှုမှာပါ သုံးတဲ့ ဗုံးတွေကို ထုတ်လုပ်ရာမှာ ပါဝင်ခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။