Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့်ချိုးဖောက်သူ ၆၀၀ ကျော်ကို အရေးယူ
DVB
·
December 15, 2020
131292288_1012791025871907_628715122313598867_n
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ အချိန်ကာလအတွင်း ဧရာ၀တီတိုင်းမှာ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် အမိန့်မလိုက်နာသူ ၆၀၀ ကျော်ကို ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ဧရာဝတီတိုင်းက မြို့နယ် ၂၆ မြို့နယ်မှာ ညမထွက်ရအမိန့်တွေကို မြို့နယ်အုပ်ချုပ်ရေး တွေက ဧပြီလ ၁၈ ရက်နေ့ကနေ စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၉ ရက်နေ့အထိ အမိန့်မလိုက်နာသူ လူပေါင်း ၆၃၇ ဦးကို မြို့နယ်တရားရုံးတွေက ထောင်ဒဏ် ၁ လနဲ့ ထောင်ဒဏ် ၂ လ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက "ညမထွက်ရအမိန့် ချိုးဖောက်သူ ၆၃၇ ဦး ရှိခဲ့ပါတယ်။ ဒီထဲမှာ အမျိုးသမီးတွေလည်း ပါဝင်လာတယ်။ သူတို့ကို သက်ဆိုင်ရာမြို့နယ်တရားရုံးတွေက ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်တွေ အပြစ်ပေးချမှတ်ခဲ့ပြီး ဖြစ်ပါတယ်"လို့ ပြောပါတယ်။ ထောင်ဒဏ်အပြစ်ပေးခံရသူတွေထဲမှာ အများဆုံးကတော့ ပုသိမ်ခရိုင်က ၂၉၂  ဦးနဲ့ ဟင်္သာတခရိုင်က လူပေါင်း ၉၅ ဦးပါဝင်က အများဆုံးခရိုင်တွေဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။  ကျန်တဲ့ခရိုင်အလိုက် ဖမ်းဆီးအရေးယူထားတဲ့ စာရင်းတွေမှာတော့ ဖျာပုံခရိုင်မှာ ၆၅ ဦး၊ မြောင်းမြခရိုင်မှာ ၇၂ ဦး၊ လပွတ္တာခရိုင်မှာ ၄၃ ဦးနဲ့ မအူပင်ခရိုင်မှာ ၇၀ ဦးစသဖြင့် ဖမ်းဆီးအရေးယူထားပါတယ်။ ညမထွက်ရအမိန့်ကို မလိုက်နာလို့ ဖမ်းဆီးတရားစွဲထောင်ချခံထားရတဲ့ အမျိုးသမီး ၁၃ ဦးကတော့ ပုသိမ်ခရိုင်က ၉ ဦး၊ မအူပင်ခရိုင်က ၂ ဦးနဲ့ မြောင်းမြခရိုင်က ၂ ဦးတို့ဖြစ်ပါတယ်။ အဆိုပါ အမိန့်ချိုးဖောက်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တရားလိုလုပ်ကာ ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး မြို့နယ်တရားသူကြီးများက ထောင်ဒဏ်တွေ ချမှတ်ခဲ့ဖြစ်ပါတယ်။ သတင်း - မင်းထက်မုန်း(ပုသိမ်) 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024