Home
မြန်မာသတင်း
အိမ်ထောင်စု ၁ သန်းခန့်ကို ရေနံဓာတ်ငွေ့ရည် ဖြန့်ဖြူးနိုင်ရန် စီစဉ်နေ
DVB
·
December 14, 2020
130589901_2757059061201251_5568124029177514504_o
မြန်မာနိုင်ငံတဝန်း အိမ်ထောင်စုပေါင်း ၁ သန်းလောက်အတွက် ရေနံဓာတ်ငွေ့ရည် ဖြန့်ဖြူးနိုင်ဖို့ စီစဉ်နေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ပြည်ထောင်စု ဝန်ကြီးက ပြောပါတယ်။ မနေ့ကလုပ်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားမှာ ဝန်ကြီးဦးဝင်းခိုင်က ပြောတာဖြစ်ပြီး ရေနံဓာတ်ငွေ့ရည် (LPG) ကို ချက်ပြုတ်ရာမှာ သုံးတဲ့ ဓာတ်ငွေ့အဖြစ်သုံးရင် ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အားသုံးတာကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ထင်း၊ မီးသွေးအစားသုံးနိုင်တာကြောင့် သစ်တောပြုန်းတီးတာကိုလည်း လျှော့ချနိုင်တာကြောင့် မြို့နေ လူထုသာမက  ကျေးရွာလူထုအထိပါ ကျယ်ကျယ်ပြန့်ပြန့်  ဖြန့်ဖြူးသွားနိုင်ရေး   ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ လက်ရှိမှာ အိမ်ထောင်စုပေါင်း ၆၇၀၀၀၀ လောက်ဟာ ရေနံဓာတ်ငွေ့ရည်ကို သုံးနေပြီး မကြာခင်မှာ  အိမ်ထောင်စုပေါင်း ၁ သန်း အထိ တိုးချဲ့ဖြန့်ဖြူးနိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။ သဘာဝဓာတ်ငွေ့ ပိုမိုထုတ်လုပ်နိုင်ဖို့နဲ့ ပြည်တွင်းလိုအပ်ချက်ကိုဖြည့်နိုင်ဖို့အတွက် ကမ်းလွန်လုပ်ကွက် A-6 ကို တူးဖော်ခဲ့ပြီး ၂၀၂၃-၂၄ ခုနှစ်မှာ ထုတ်လုပ်နိုင်ရေး စီမံနေသလို အိမ်နီး  ချင်းနိုင်ငံတွေကို သဘာဝဓာတ်ငွေ့ ရောင်းချရာကနေ နိုင်ငံဝင်ငွေ တိုးတက်ရရှိစေနိုင်တာကြောင့် နောက်ထပ် အလားအလာကောင်းတဲ့ ဘူမိအနေအထားတွေကို ဆက်လက်စမ်းသပ် ရှာဖွေ သွားမယ်လို့ ပြောပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီကနေ ၄ နှစ်တာကာလအတွင်း ရေနံနဲ့သဘာဝဓာတ်ငွေ့ရှာဖွေရာမှာ ကုန်းတွင်းပိုင်း   ရှာဖွေတူးဖော်တာအဖြစ် အသစ်ရှာဖွေတာ ၁၈ တွင်း၊ ဖွံ့ဖြိုးရေးတွင်း ၁၀၀ ကို  ဆောင်ရွက်နိုင်ခဲ့ပြီး ကမ်းလွန်ရှာဖွေရေးတွင်း ၁၆ တွင်း၊  အကဲဖြတ်တွင်း ၁၀ တွင်းနဲ့    ဖွံ့ဖြိုးရေး တွင်း    ၈၆ တွင်း တို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီကာလမှာ LPG   လုပ်ငန်းလိုင်စင် ၂၇၄၁ ခု၊    စက်သုံးဆီအရောင်းဆိုင် လိုင်စင် ၁၀၅၅ ခု၊ သိုလှောင်ကန်စခန်း လိုင်စင်  ရှစ်ခု၊ ရေယာဉ်တွေကို စက်သုံးဆီ တိုက်ရိုက် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် ၁၇ ခုနဲ့ လေယာဉ်ဆီ ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်  ၁၁ ခု တို့ကိုလည်း  စိစစ်ခွင့်ပြု နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လျှပ်စစ်ကဏ္ဍမှာလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်- မောင်တော၊ ကရင်ပြည်နယ် မြဝတီမြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့၊ စစ်ကိုင်းတိုင်း မော်လိုက်မြို့၊ ချင်းပြည်နယ် မတူပီမြို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနဲ့ မိုင်းပျဉ်းမြို့တို့ကို နိုင်ငံတော်ဓာတ်အားစနစ် အသီးသီး ရောက်အောင် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီလို့ ပြောပါတယ်။ ဆက်ပြီးတော့ တနင်္သာရီတိုင်း ရေးနဲ့ ထားဝယ်မြို့တို့အတွက် ၂၃၀ ကေဗွီ မော်လမြိုင်-ရေး -ထားဝယ် ဓာတ်အားလိုင်းမိုင် ၁၈၀ နဲ့ ဓာတ်အားခွဲရုံစီမံကိန်းတွေကို ဆက်လက်အကောင်အထည် ဖော်နေပြီး  ထားဝယ်ပြီးရင် မြိတ်ကို ဓတ်အားလိုင်း   တည်ဆောက်မယ်လို့ ပြောပါတယ်။ ဝန်ကြီးဌာနနဲ့  အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေဟာလည်း လုပ်ငန်းတွေကို သတ်မှတ်ချိန်အတွင်း သတ်မှတ်ပေးထားတဲ့ အရည်အသွေးပြည့်ပြည့်နဲ့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024