ရန်ကုန် ကွာရန်တင်းစင်တာများတွင် ကုသရေးဝန်ထမ်းနှင့် လူနာအင်အား မမျှဖြစ်နေ

ရန်ကုန်တိုင်းအတွင်းက ကွာရန်တင်းစင်တာတွေမှာ စေတနာ့ဝန်ထမ်း၊ ကုသရေးဝန်ထမ်း အင်အားနဲ့ လူနာအင်အားမမျှတာတွေ ဖြစ်လာနေပါတယ်။   မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုကာလ‌ ၉ လနီးပါး ရှိလာနေသလို ရန်ကုန်တိုင်းဒေသကြီးက ပိုးတွေ့လူနာ အများဆုံးအဖြစ်ရှိနေဆဲပါ။  အဲ့ဒီအပြင် ကုသရေးစင်တာတွေမှာ လုပ်အားပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေ၊ ကုသရေးဝန်ထမ်းတွေမှာလည်း ကိုဗစ်ကူးစက်မှုတွေ ရှိလာတဲ့အတွက် အဲ့ဒီစင်တာတွေမှာ စေတနာ့ဝန်ထမ်း၊ ကုသရေးဝန်ထမ်းအင်အားနဲ့ လူနာအင်အား မမျှတမှုတွေ ဖြစ်လာနေပါတယ်။  ကုသရေးစင်တာတွေမှာ ဆရာဝန်တစ်ဦးကို လူနာ ၂၀၀ နဲ့အထက် တာဝန်ယူကြည့်ပေးနေရတဲ့ အခြေအနေမျိုးဖြစ်လာတယ်လို့ အောင်မြင့်မိုရ် ကွာရန်တင်းစင်တာက စေတနာ့ဝန်ထမ်းခေါင်းဆောင် ကိုအောင်ကျော်ဆန်းက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကွာရန်တင်းစင်တာတွေမှာ လူနာကုသရေး အဝင်အထွက်ဟာ တစ်ရက်ကို ရာဂဏန်းလောက်အထိ ပြောင်းလဲမှုတွေလည်း ရှိနေပါတယ်။  ကုရေးစင်တာတွေက လုပ်အားပေးဝန်ထမ်းတွေအတွက် ဆေးပစ္စည်းဆိုင်ရာ အထောက်အကူ ပစ္စည်းတွေ ရောက်ရှိမှုလည်း အခုနောက်ပိုင်း ကြန့်ကြာမှုတချို့ရှိလာတယ်လို့ ရွာသာကြီး စီးပွားရေးတက္ကသိုလ်ကွာရန်တင်းစင်တာ တာဝန်ခံ မမေကျော့ရှင်း ပြောပါတယ်။ အခုနောက်ပိုင်းမှာတော့ လူနာတွေကို ပေးရမယ့် စောင်၊ ခြင်ထောင်၊ ခေါင်းအုံး စတဲ့ လိုအပ်ချက်တွေလည်း ရှိလာသလို စေတနာ့ဝန်ထမ်းတွေ အရမ်းပင်ပန်းလာကြတာကို တွေ့နေရတယ်လို့ တောင်ဒဂုံလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။ အခုလို ကုသရေးစင်တာတွေမှာ လူနာအင်အားနဲ့ ကုသရေးဝန်ထမ်းအင်အား မမျှတာတွေရှိလာလို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်းကလည်း စေတနာ့ဝန်ထမ်း ဆရာဝန်တွေ ခေါ်ယူထားပါတယ်။  ရန်ကုန်တိုင်းက ကုသရေးစင်တာတွေဖြစ်တဲ့ fortune၊ လှိုင်၊ ရိုးမစင်တာ၊ ဖောင်ကြီးနဲ့ ဧရာဝတီစင်တာတွေမှာ တာဝန်ထမ်းဆောင်ဖို့ စေတနာ့ဝန်ထမ်းဆရာဝန် ၁၀ ဦးခန့်စီကို ဒီဇင်ဘာ ၁၂ ရက်နေ့က စတင်ခေါ်ယူ နေတာပါ။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း  ၁၀၈,၃၄၂ ယောက်၊ သေဆုံးသူ ၂,၂၆၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၈၆,၇၉၅ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သတင်း- သင်းသင်းဇော်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up