Home
မြန်မာသတင်း
မြန်မာပြည်က တီဘီဆေး မတိုးသည့်ပြဿနာ အရေးတကြီး ဖြေရှင်းရန် လိုအပ်
အေးနိုင်
·
August 23, 2013
မြန်မာပြည်မှာ ကျန်းမာရေးပိုင်းကို ခြိမ်းခြောက်နေတဲ့ ဆေးမတိုးတဲ့ တီဘီရောဂါပြဿနာကို အဖြေရှာရေး နည်းလမ်းသစ်တွေရဖို့ ကျန်းမာရေးပိုင်းဆိုင်ရာ ကျွမ်းကျင်သူပညာရှင်တွေဟာ ရန်ကုန်မှာ စာတမ်းတွေဖတ်ပြီး ဆွေးနွေးနေပါတယ်။ ဒီလ ၂၂ ရက်နဲ့ ၂၃ ရက် နှစ်ရက်ကြာ ရန်ကုန်မှာ ဆွေးနွေးမှုဟာ မြန်မာပြည်အတွက် နိုင်ငံတကာ သဘောဆောင်တဲ့ စာတမ်းဖတ်ပွဲဖြစ်ပါတယ်။ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) အစိုးရ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ရန်ကုန်မှာ နိုင်ငံတ၀န်း တီဘီရောဂါဆေးမတိုးတဲ့ပြသနာကို ကိုယ်တွယ်မှုကို အရှိန်မြှင့်တင်နိုင်ရေးအတွက် ဆွေးနွေးနေတာပါ။ တီဘီရောဂါဖြစ်နေတဲ့အပေါ် အာာရုံစိုက်မှု၊ တီဘီ ဆေးမတိုးမှု၊ တီဘီနဲ့အိပ်ခ်ျအိုင်ဗွီ ပူးတွဲကူးစက်မှု နဲ့ ပတ်သက်လို့ မျက်စိဖွင့်ပေးမှု စတဲ့ ခေါင်းစဉ်နဲ့ စာတမ်းဖတ်ကြား ဆွေးနွေးနေကြတာပါ။ မြန်မာနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း တီဘီရောဂါသည် ၈၉၀၀ တိုးပွားနေပြီး ဆေးဝါးကုသမှုကို ခံယူနိုင်သူက ၈၀၀ လောက်သာ ရှိနေတာဖြစ်ပြီး လေကနေတဆင့် ကူးစက်နေတဲ့ ရောဂါဟာ ဆိုးဆိုးဝါးဝါးကို ခြိမ်းခြောက်နေတာပါ။ လတ်တလောမှာ နိုင်ငံတ၀န်းမှာဖြစ်ပွားနေတဲ့ ဒီပြသနာကို ဖြေရှင်းပေးနိုင်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ တီဘီဆေးမတိုးသူကို ၂ နှစ်ကုသုရမယ်၊ ဘေးထွက်ဆိုးကျိုးရှိမယ်၊ ကုန်ကျစရိတ်များမယ်၊ လူနာတွေက တနေ့ကို ဆေးအလုံး ၂၀ ကျော် သောက်ရမယ်၊ ၈ လတာ နေ့စဉ်ဆေးထိုးရမယ်၊ ဒါပေမယ့် ကုသဖို့ အောင်မြင်နိုင်ခြေ တ၀က်ပဲရှိတယ်လို့ ကမ္ဘာ့စစ်တမ်းက ဖော်ပြထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ တီဘီရောဂါထိန်းချုပ်ရေး ၂၀၁၁-၂၀၁၅ ငါးနှစ် မဟာဗျူဟာစီမံချက်ကို ချမှတ်အကောင်အထည်ဖော်နေပါတယ်။ အဲဒီစီမံချက်မှာ တီဘီဟာ မြန်မာပြည်မှာ အဓိကပြည်သူ့ကျန်းမာရေးပြဿနာဖြစ်တယ်။ ကမ္ဘာပေါ်က တီဘီရောဂါဖြစ်တဲ့နိုင်ငံ ၂၂ နိုင်ငံစာရင်းမှာ အဆင့်လေးနေရာက ပါပါတယ်။ ဒါ့အပြင် တီဘီနဲ့ အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားမှု အမြင့်ဆုံး ၄၁ နိုင်ငံထဲမှာ ပါရှိသလို တီဘီဆေးမတိုးတဲ့ နိုင်ငံ ၂၇ နိုင်ငံထဲမှာ ပါဝင်ပါတယ်လို့ ထုတ်ပြန်ထားတာပါ။ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ချက်အရ လူဦးရေ ၁ သိန်းမှာ ၁၇၁ ယောက်ဖြစ်နေတယ်လို့ ဖော်ပြရာက လူတစ်သိန်းမှာ ၇၅ ယောက်နှုန်းဖြစ်နေတယ် လို့ ဖော်ပြခဲ့ပါတယ်၊ ဒါကို ကမ္ဘာလုံးဆိုင်ရာ တီဘီအစီရင်ခံစာက တကယ်ဖြစ်နေတာထက် လျော့ပေါ့ခန့်မှန်းချက်ဖြစ်တယ်လို့ ၂၀၀၉ - ၂၀၁၀ ကွင်းဆင်းလေ့လာမှတ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။ ၂၀၁၁ ကနေ ၂၀၁၅ အထိ တီဘီထိန်းချုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကုန်ကျမယ်လို့ ကျန်းမာရေ၀န်ကြီးဌာနက တွက်ချက်ထားပြီး ရန်ပုံငွေကာဟမှုဟာ ဂလိုဘယ်ဖန်းအဖွဲ့က မြန်မာပြည်က တီဘီထိန်းချုပ်ရေး လှုပ်ရှားမှုတွေကို ထောက်ပံ့မှုအပေါ် မီခိုနေတယ်လို့ ဆိုပါတယ်။ International President of MSF Dr Unni Karunakara က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်တဲ့ တီဘီဆေးမတိုးတဲ့ပြဿနာကို ငွေကြေးနဲ့ လူသားအရင်းအမြစ်ပိုင်းဆိုင်ရာ ၀ိုင်းကူညီသင့်ကြောင့် နှိုးဆော်လိုက်ပြီး မြန်မာအပါအ၀င် ကမ္ဘာတလွားက တီဘီဆေးမတိုးတဲ့ လူနာတွေအတွက် ကုသမှု စောင့်စားဖို့ အချိန်မရှိတော့ဘဲ အခုချက်ချင်း လုပ်ဆောင်ကြရမယ်လို့ တိုက်တွန်းထားပါတယ်။ အမ်အက်စ်အက်ဖ်ဟာ ၁၉၉၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ လုပ်ကိုင်နေတာပါ။ နောက်ဆုံးထုတ်ပြန်တဲ့ ကမ္ဘာ့ကျန်းမာရေးထုတ်ပြန်ချက်မှာတော့ မြန်မာပြည်မှာ ၂၀၁၀ က တီဘီကူးစက်မှုအသစ် ၁ သိန်း ၈ သောင်း ထပ်ဖြစ်ရာမှာ ၄ သောင်းကျော်က ကလေးတွေဖြစ်ပြီး ဆေးမတိုးတဲ့ တီဘီသမားက ၉ ထောင်လောက်နှစ်စဉ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အစိုးရက လုပ်နေတဲ့ တီဘီထိန်းချုပ်ရေးမဟာဗျူဟာစီမံချက်အတွက် ရန်ပုံငွေ ဒေါ်လာ ၁၈၆ သန်းလိုတဲ့အနက် ၁၁၃ သန်းက ရနိုင်မယ်လို့ မျှော်လင့်ရတယ်။ အဲဒီရန်ပုံငွေကို အေအိုင်ဒီအက်စ်၊ တီဘီနဲ့ ငှက်ဖျားတိုက်ဖျက်ရေး ကူညီတဲ့ ဂလိုဘယ်ဖန်းအဖွဲ့ထံက အဓိကရမှာဖြစ်ပြီး လတ်တလောမှာ ဒေါ်လာ ၇၃ သန်းက ရရှိရေး စိမ်ခေါ်မှု ဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024