မြောင်းမြတွင် သံဃာ ၅ ပါးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၂၄ ဦး စံချိန်တင်တွေ့ရှိ
ကိုကိုကြည်
·
December 14, 2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့က သံဃာတော် ၅ ပါးနဲ့ အသက် ၆ လအရွယ် ကလေး ၁ ဦး အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၄ ဦးအထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေကတော့ မြောင်းမြမြို့ ပဇ္ဇောတာရုံတိုက်သစ်စာသင်တိုက်က သံဃာတော် ၅ပါး၊ မြောင်းမြမြို့၊ ကွယ်လွယ်ကျေးရွာ၊ ရိုးဆိပ်ရပ်ကွက်နဲ့ ဘောဂဗလ ရောင်းဝယ်ရေးက ဖြစ်ပါတယ်။
မြောင်းမြမြို့မှာ ဒေသတွင်း ကူးစက်ခံရတဲ့ ပိုးတွေ့လူနာတွေ တွေ့ရှိလာနေသလို သေဆုံးသူတွေလည်း ရှိလာနေတာကြောင့် ပြည်သူတွေ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို အတိအကျလိုက်နာဖို့ လိုအပ်တယ်လို့ မြောင်းမြခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနှစ်ဆန်းဦးက အကြံပြုထားပါတယ်။
“အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ပါ။ နှာခေါင်းစည်းအပြင် မျက်နှာအကာ Face Shield တပ်ပါ။ လူစု လူဝေးရှောင်ပါ။ မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့။”
လက်ရှိမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၅ ဦးကို မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးနဲ့ သူနာပြုသင်တန်းကျောင်းမှာရှိတဲ့ သီးသန့်ကုသဆောင်တွေမှာ ထားရှိကုသပေးနေပါတယ်။
ဒီဇင်ဘာ ၁၃ ရက်နေ့အထိ မြောင်းမြမြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၄၄ ဦးရှိခဲ့ပြီး သေဆုံးသူ ၃ ဦးရှိပြီ ဖြစ်ပါတယ်။