ကရင်ပြည်နယ်တွင် နယ်ပြောင်းမည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် ကိုဗစ်လူနာသစ် ၄၇ ဦးတွေ့ရှိ
DVB
·
December 12, 2020
ကရင်ပြည်နယ်မှာ မြဝတီမြို့ကနေ အခြားနယ်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မယ့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၇ ဦး ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ရှိတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတာကြောင့် မြိဝတီမြို့မ ရဲစခန်းကို ပြည်သူတွေသွားလာခွင့် ဒီဇင်ဘာလ ၁၁ ရက်နေ့က ယာယီပိတ်လိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျန်းမာရေးဌာနက ရဲစခန်းအတွင်း ပိုးသတ်ဆေးဖျန်းတာတွေ ပြုလုပ်ခဲ့ပြီး ကိုဗစ်ကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကိုတော့ မြဝတီမြို့ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကုသ ထားတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်မှာ နိုဝင်ဘာ ၁၁ ရက်နေ့က တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာတွေကတော့ ဘားအံ ၁၀ ဦး၊ ကော့ကရိတ် ၈ ဦး၊ ဖာပွန် ၂ ဦး၊ မြဝတီက ၂၇ ဦး၊ စုစုပေါင်း ၄၇ ဦးဖြစ်ပါတယ်။
ဖာပွန်ဆေးရုံကြီးမှာ ကုသနေတဲ့ ပိုးတွေ့လူနာသစ်၂ ဦးကတော့ ရန်ကုန်တိုင်း ဒဂုံတောင်ပိုင်းက ၁ ဦးနဲ့ ဒဂုံအရှေ့ပိုင်းက ၁ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ ဆေးရုံမှာ ကုသမှုခံယူနေသူ ၂၄၆ ဦး ဆေးရုံဆင်းခွင့်ရသူ ၈၂၉ ဦးနဲ့ သေဆုံးသူ ၁၂ ဦး ရှိပြီလို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။