လပွတ္တာတွင် အနိုင်ရ NLD အမတ် ၄ ဦးအပါအဝင် ပါတီဝင် ၁၉ ဦး ကိုဗစ်ကူးစက်ခံထားရ
DVB
·
December 12, 2020
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးအပါအဝင် ပါတီဝင် ၁၉ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
မြို့နယ် NLD ပါတီရုံးက ကွန်ပျူတာစာရေးမှာ အနံ့မရလို့ ဒီဇင်ဘာလဆန်းပိုင်းက စစ်ဆေးခဲ့ရာက ကိုဗစ်ပိုး တွေ့ရှိခဲ့တာပါ။ ဒီဇင်ဘာလ ၅ ရက်နေ့မှာ အဲဒီလူငယ်နဲ့ ထိစပ်မှုရှိခဲ့တဲ့ NLD ပါတီက အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေကို လပွတ္တာမြို့နယ်၊ ကျန်းမာရေးဌာနက စစ်ဆေးခဲ့ချိန်မှာ ကိုဗစ်ကူးစက်ခံထားရတာ တွေ့ရှိခဲ့တာပါ။
လပွတ္တာမြို့၊ အဖြူရောင်ဧရာဝတီအဖွဲ့ ဦးဆောင်သူ ကိုခင်မောင်ဝင်းက “ခရီးသွားရာဇဝင်မရှိတဲ့ အသက် ၆၀ ကျော် အမျိုးသမီးကြီးမှာ ကိုဗစ်ပိုးတွေ့ပြီးနောက်ပိုင်း သူကတဆင့် စပြန့်ရာကနေ လူနာအရေအတွက်တွေ တက်လာတာပေါ့။ NLD ပါတီဘက်ခြမ်းကျတော့ ပါတီက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးစလုံးရယ်၊ ပါတီဝင် ၁၅ ဦးရယ် စုစုပေါင်း ၁၉ ဦး ကိုဗစ် ကူးစက်ခံထားရတယ်” လို့ ပြောပါတယ်။
NLD ပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေ ဖြစ်တဲ့ လပွတ္တာမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုး၊ အမှတ် ၂ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးကျော်ဝင်း၊ ဧရာဝတီတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၀ ကိုယ်စားလှယ် ဦးချမ်းငြိမ်းကျော် အပါအဝင် NLD ပါတီဝင် ၁၉ ဦးမှာ ကိုဗစ်ရောဂါပိုးရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
လပွတ္တာမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ အနိုင်ရထားတဲ့ လက်ရှိစည်ပင်ဝန်ကြီး ဦးကျော်မြင့်ကို ပထမအကြိမ်စစ်ရာမှာ ကိုဗစ်ပိုး မတွေ့ခဲ့ရပေမယ့် ဒုတိယအကြိမ်မြောက် ဒီဇင်ဘာလ ၉ ရက်နေ့က ထပ်မံစစ်ဆေးရာမှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့လို့ ပုသိမ်မြို့က တိုင်းရင်းဆေးရုံမှာ ကုသပေးနေပြီ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက်အထိ စာရင်းတွေအရ ကိုဗစ်အတည်ပြုလူနာ အယောက် ၁၀၀ ရှိပြီး ဆေးရုံဆင်းခွင့်ရသူ အယောက် ၄၀ နဲ့ သေဆုံးသူ ၁ ဦးရှိတယ်လို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)