A d v e r t i s e m e n t With Us

ဆိုးလ်ရှား၏ တန်ဖိုးကို သိကြရန် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာ ပြော

ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် မန်စီးတီးနည်ပြ ပက်ဂွါဒီယိုလာကတော့ နည်းပြ ဆိုးလ်ရှားကို မန်ချက်စတာဒါဘီပွဲမတိုင်ခင် ထောက်ခံစကား ပြောလိုက်ပါတယ်။  အင်္ဂါနေ့ပွဲမှာ လိုက်ပစ်ဇ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေတင် လှည့်ပြန်ခဲ့ရပါပြီ။ ဒီရလဒ်ကြောင့် ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြ ရာထူးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေ ထပ်မံပေါ်ထွက်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။  ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်ကထက် ပိုကောင်းတဲ့ ရလဒ်ကို ရရှိထားပြီး မန်စီးတီးအသင်းရဲ့အထက် ၁ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ ဒါဘီပွဲမတိုင်ခင် မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ အနိမ့်အမြင့် အတက်အကျများတဲ့ ဘောလုံးမန်နေဂျာတွေအကြောင်း မန်စီးတီးနည်းပြ ပက်ကို မေးမြန်းခဲ့ပြီး “ဒီလိုအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ကျနော်တို့ကို လစာတွေအများကြီး ပေးထားကြတာပေါ့ဗျ” လို့ ပက်က အရွှန်းဖောက်ခဲ့ပါတယ်။  ဆိုးလ်ရှားနဲ့ပတ်သက်ပြီး သူက “အရေးကြီးဆုံးအချက်က ဆိုးလ်ရှားရဲ့ တန်ဖိုးကို သိထားဖို့ပါပဲ။ ဒီအတွက် လုံးဝ သံသယမရှိပါဘူး။ သူက ကြံ့ခိုင်ပြီးသားလူဖြစ်လို့ ကျနော့်ဆီက အားပေးမှု မလိုအပ်ပါဘူး။ ဒီအလုပ်က ဘယ်လိုပုံစံရှိလဲဆိုတာ သူ သိပါတယ်။ ကျနော်တို့ အနိုင်ရရင် လူတွေက ဉာဏ်ကြီးရှင်တွေလို ချီးကျူးကြပြီးတော့ ရှုံးရင်တော့ ရာထူးကနေ အထုတ်ခံခဲ့ရပါတယ်။ ဒါဟာ ယူနိုက်တက်အသင်းမှာ ဖြစ်သလို ကမ္ဘာတဝန်းလုံးက ကလပ်အသင်းတိုင်းမှာလည်း ဖြစ်ပါတယ်။ ဒါဟာ အရှိတရားပါ” လို့ ပက်က ပြောပါတယ်။ ပက်ရဲ့ မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို ၈ နှစ် ဆက်တိုက် တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး ဒီနှစ်မှာလည်း ပက်လက်ထက် ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ မှတ်တမ်းဆိုးကို ချေဖျက်သွားဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။  လာမယ့် မန်ချက်စတာဒါဘီမှာ နောက်ခံလူ အဲရစ်ဂါစီယာ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေတယ်လို့ ပက်က ပြောခဲ့ပြီး ဒဏ်ရာကနေ ပြန်ကောင်းခါစ အဂွဲရိုးဟာ လာမယ့် ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ မန်ချက်စတာမြို့မှာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ ကန့်သတ်ချက်တွေရှိနေဆဲ ဖြစ်တာကြောင့် စနေနေ့ပွဲဟာ ပရိသတ်မပါတဲ့ ပထမဆုံး မန်ချက်စတာဒါဘီပွဲ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up