Home
မေးမြန်းခန်း
အကျိုးစီးပွားပြဿနာကြောင့် လယ်ယာမြေမှတ်ပုံတင်မှုကြန့်ကြာ- ဦးထွန်းမြင့်အောင်
အေးနိုင်
·
August 23, 2013
မြန်မာနိုင်ငံမှာ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်လက်မှတ် ထုတ်ပေးရေးလုပ်ငန်းဟာ နေပြည်တော်ကောင်စီ နယ်မြေတခုတည်းမှာသာ ပြီးပြတ်သေးတယ်လို့ လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ ကြန့်ကြာနေတာဟာ စီမံခန့်ခွဲမှုပြဿနာနဲ့ အကျိုးစီးပွားပြဿနာတွေကြောင့်ဖြစ်တယ်လို့ ရှစ်ဆယ့်ရှစ်မျိုးဆက် ငြိမ်ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးထွန်းမြင့်အောင်က ပြောပါတယ်။ ဦးထွန်းမြင့်အောင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။ [caption id="attachment_42845" align="alignright" width="300" caption="ဦးထွန်းမြင့်အောင်"][/caption] လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်း နေပြည်တော် တခုတည်းမှာပဲ အောင်မြင်သေးတယ်။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ တခုမှ မအောင်မြင်သေးဘူး။ ဘာကြောင့် တနိုင်ငံလုံးအနှံ့မှာ ကြန့်ကြာနေတယ်။ ဒီကိစ္စကို ဘယ်လိုမြင်လဲ။ “အဓိက အတ္တ အကျိုးစီးပွားတွေ ကနေ့အချိန်အထိ ဖက်တွဲထားတဲ့ ပြဿနာမှာပဲ။ မြေယာသိမ်းဆည်းမှု ပြဿနာက ပြီးခဲ့တဲ့ နှစ် ၂၀ ကျော် ကာလတလျှောက်လုံးမှာ ငွေကြေးရှင် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အာဏာရပုဂ္ဂိုလ်တွေနဲ့ ပေါင်းပြီးတော့ ဒေသခံပြည်သူလူထုအပေါ်မှာ မတရား သိမ်းပိုက်ထားတဲ့ ပြဿနာတွေပဲ။ ဒါက အကျိုးစီးပွား ပြဿနာပါ။ ပိုပြီး ပြဿနာတွေ များလာတာ ဘာကြောင့်လဲ ဆိုတော့ အရင်တုန်းက လယ်သမားတွေဆီက မတရား သိမ်းပိုက်ထားတဲ့ မြေတွေကို စစ်တပ်ရော၊ ဌာနဆိုင်ရာရော ကုမ္ပဏီတွေရော ဘာဖြစ်လဲဆိုတော့ လက်ဦးမှု ယူပြီးတော့ မှတ်ပုံတင်ဖို့ သူတို့က ကြိုးစားလာတယ်။ အဲဒီအခါမှာ အာဏာနဲ့ ငွေမရှိတဲ့ လယ်သမားတွေက မှတ်ပုံတင်ဖို့ အခက်အခဲတွေ ဖြစ်ကုန်ရော။ လက်ဦးမှု ယူတယ်ဆိုတဲ့နေရာမှာ မြေကို ဒီအတိုင်းပဲ ထားလို့ရှိရင်၊ အသုံးမပြုလို့ရှိရင် ပြန်ပေးရမှာဆိုပြီးတော့ ဥပဒေကို လက်တလုံးခြား ဘယ်လိုလုပ်လဲဆိုတော့ အပြေးအလွှား ၀န်းထရံတွေခတ်တယ်၊ အပြေးအလွှာ ဟိုအပင်စိုက်ကြ၊ ဒီအပင်တွေစိုက်ကြ လုပ်တယ်။ ဒီလို မရိုးသားမှုတွေနဲ့ လယ်သမားတွေအပေါ်မှာ အချက်အလက်အရ လက်ဦးမှုယူတယ်။ သတင်းအချက်အလက်၊ ငွေကြေးနဲ့ အာဏာအရ လက်ဦးမှုယူတယ်။ အဲဒါတွေကြောင့် လယ်သမားတွေဘက်ကလည်း ကနေ့အချိန်မှာ လူထုကြားမှာ ဒါတွေ ထုတ်ပြန်လာတဲ့အတွက်ကြောင့် မြေယာ အငြင်းပွားမှု ပြဿနာ ထင်ထင်ရှားရှား ဖြစ်နေတာ ဒါတချက်ပြောချင်တယ်။ နောက်တချက်က မြေယာ မှတ်ပုံတင်တဲ့ ကိစ္စ မအောင်မြင်တဲ့ ပြဿနာက ဘာလဲဆိုတော့ ရပ်ကွက်ကျေးရွာ အာဏာပိုင် အဆင့်ဆင့်ကလည်း လယ်သမားတွေ မှတ်ပုံတင်ဖို့ သွားပြောတဲ့အခါမှာ လွယ်လွယ်ကူကူ မှတ်ပုံမတင်ပေးဘူး။ မင်္ဂလာဒုံမှာကို လယ်သမားတွေ မှတ်ပုံတင်ဖို့ လုပ်တဲ့အခါမှာ ကျနော်တို့မြို့နယ်မှာ မြေယာစီမံခန့်ခွဲမှု အဖွဲ့ အဖွဲ့ မဖွဲ့ရသေးဘူးတဲ့ ဒါမျိုးတွေ လုပ်တယ်၊ ဒါမရိုးသားတာပဲ။ ဗဟိုအစိုးရကနေပြီးတော့ ဒါတွေကို စီမံခန့်ခွဲမှု အားနည်းတာလည်း ပါတယ်။ အထက်မှာ ဒေသဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်ရဲ့ ကိုယ်ကျိုးရှာ မရိုးသားမှုတွေလည်း ပါနေတာကို တွေ့ရတယ်။ နောက်တခု တချို့နေရာမှာကျတော့ လယ်သမားတွေ မှတ်ပုံတင်ဖို့ ဆိုလို့ရှိရင် နည်းမျိုးမျိုးနဲ့ ဟိုရွှေ့ဒီရွှေ့နဲ့ အကြောင်းပြချက်အမျိုးမျိုး၊ အဲဒီလို မဟုတ်ပဲနဲ့ သိမ်းထားတဲ့ လုပ်ငန်းရှင်တွေ ငွေကြေးရှင်တွေက တင်ဖို့လုပ်တယ်ဆိုလို့ရှိင် အလိုလို မှတ်ပုံတင်ပြီးသား ဖြစ်နေတယ်။ နေပြည်တော်မှာ မှတ်ပုံတင်ပြီး ဆိုတာထက် လယ်သမား တင်ပြီးတာလား၊ လယ်သမားဆီက သိမ်းထားတဲ့ လူတွေက တင်ပြီးတာလား ဆိုတာကို ကျနော်တို့ စိစစ်ဖို့လည်း လိုသေးတယ်။” မြေတိုင်းစာရေး အရေအတွက် အင်အားက လက်ရှိ တနိုင်ငံလုံး အတိုင်းအတာနဲ့ မြေတိုင်းရမယ်ဆိုလို့ရှိရင် အကန့်အသတ်ရှိတယ်ဆိုပြီးတော့ ပြောတာရှိတယ်။ မြေပြင်အခြေအနေမှာ ဘယ်လိုတွေ မြင်တွေရသလဲ။ “အဲဒါ ဧရာဝတီတိုင်းကို သွားတော့လည်း ကျနော်တို့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါမှာ သူတို့ အဲဒီလိုပြောပါတယ်။ မြေပြင်မှာ ရှိနေတဲ့ အနေအထားက တမျိုး၊ မြေပုံမှာ ရှိနေတဲ့ အနေအထားက တမျိုး။ ဟုတ်ပါတယ်၊ ဒီလိုအချက်အလက်တွေဟာ အများကြီး။ အနှစ် ၂၀ ကျော် တလျှောက်လုံး ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးစနစ်ကြောင့် လူထုကို ကိုယ်စားမပြုတဲ့ အစိုးရကြောင့် ဖြစ်လာတဲ့ ပြဿနာတွေ။ ဒါပေမယ့် ကနေ့အချိန်အခါမှာ ဒီမိုကရေစီ ပန်းတိုင်ကို သွားမယ်ဆိုတဲ့ တာဝန်ယူနေတဲ့ အစိုးရတွေအနေနဲ့ကတော့ မြေပုံပေါ်နဲ့ မြေကြီးပေါ်က အနေအထားတွေကို မှန်မှန်ကန်ကန်ဖြစ်အောင် တပြေးညီဖြစ်အောင် ပြင်ဆင်ကြိုးစားဖို့ သင့်နေပြီ။ မြေတိုင်းတာတွေ မဖြစ်နိုင်ဘူးဆိုတာတွေအတွက်  နိုင်ငံတကာကိုလည်း အကူအညီတောင်းယူလို့ ရပါတယ်။ လယ်သမားတွေဆီကို ငွေချေးဖို့ဆိုပြီးတော့ နိုင်ငံတကာကကို ဘဏ်ချေးငွေတွေ တောင်းသလိုပဲ၊ တပိုင်မှာလည်း စာရင်းအင်းဆိုင်ရာတွေ ဒီလိုမြေတိုင်းမှုဆိုင်ရာ ကိစ္စတွေမှာလည်း အကူအညီတောင်းမယ်ဆိုလို့ရှိရင် အကူအညီပေးမယ့် အဖွဲ့အစည်းတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါက အစိုးရက တပိုင်းကြိုးစားရမှာပါ။ နောက်တပိုင်းက ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ကိုယ့်ဒေသ ရွာတွေမှာဆိုလို့ရှိရင် အခုစစ်တပ်က မြေတွေကို ပြန်ပေးမယ်လို့ ပြောတဲ့နေရာမှာ ဘယ်လို စကားခံထားသလဲဆိုတော့ ပိုင်ဆိုင်မှု အထောက်အထားတွေ၊ စာရွက်စာတမ်းတွေ ရှိရမယ်။ တလျှောက်လုံးမှာ ကျနော်တို့ တိုင်းပြည် ကြိုးနီစနစ်နဲ့ ဗျူရိုကရေစီ ယန္တရားတွေနဲ့ ရှိပြီးတော့ ငွေပေးမှ လယ်သမားက ရတဲ့ ကိစ္စတွေမှာ စာရွက်စာတမ်းက ဘယ်လိုရှိမှာလဲ၊ မရှိတဲ့နေရာတွေ အများကြီးရှိတယ်။ နာဂစ်ကြောင့် ပျက်စီးသွားတာတွေလည်း အများကြီးရှိတယ်။ နာဂစ်မထိခိုက်တဲ့နေရာတွေမှာလည်း စာရွက်စာတမ်းမရှိတာတွေ အများကြီးရှိတယ်။ ရွာဓလေ့ တိုင်းရင်းသား တောင်ပေါ်ဒေသတွေမှာဆိုလို့ရှိရင်လည်း မိရိုးဖလာ တိုင်းရင်းသား ဓလေ့ထုံးတမ်းတွေကို လေးစား အသိအမှတ်ပြုရလိမ့်မယ်။ ဆိုလိုတာက ဒီနေရာဟာ ဘယ်သူ့နေရာဆိုတာ ရွာကလူတွေ ရိုးရိုးသားသားသိကြတယ်။ ဒါတွေကိုလည်း ထည့်သွင်းစဉ်းစား အသိအမှတ်ပြုဖို့လိုတယ်၊ အစိုးရ ထုတ်ပေးတဲ့ လက်မှတ်တခုကို စဉ်းစားလို့မရဘူး၊ ပြီးခဲ့တဲ့ အစိုးရမှာ ဖောက်ဖောက်ပြန်ပြန်နဲ့ လူထုအပေါ် အုပ်ချုပ်ခဲ့တယ်။ ဒီအချက်တွေက သိပ်အရေးကြီးပါတယ်။” မှတ်ပုံတင် မရှိဘဲနဲ့ လယ်လုပ်တဲ့အတွက် တရားစွဲ အရေးယူခံရမယ်ဆိုတော့ အခုအခြေအနေမျိုးမှာ လယ်သမားတွေ ဘယ်လောက်ရာခိုင်နှုန်းအထိ ကိုယ့်လယ် ကိုယ်ပြန်လုပ်တဲ့အတွက် အရေးယူခံရတဲ့ အနေအထားတွေကို တွေ့ရလဲ။ “အခုဆိုလို့ရှိရင် မနေ့က ဒုတိယနေ့ကို မတက်နိုင်တဲ့ လယ်သမားတွေ ပြန်သွားတာတွေရှိပါတယ်။ သူတို့ဟာ ရုံးချိန်ရှိတယ်ဆိုပြီးတော့ ပြန်သွားရတယ်။ အဲဒီလို ပြဿနာတွေ မနည်းပါဘူး။ ရာခိုင်နှုန်းအနေနဲ့တော့ အခုအချိန်မှာ ပြောနိုင်ဖို့ မရှိသေးပါဘူး။ ဒါပေမယ့် နေရာ တော်တော်များများမှာ ကြားနေရပြီး မြစ်ဝကျွန်းပေါ်၊ ပဲခူးတိုင်း၊ မိတ္ထိလာမှာ ကြားရတယ်။ လယ်သမားတွေလည်း တရားစွဲခံနေရတယ်။ သာစည်မှာဆိုလို့ရှိရင် အချုပ်ထဲမှာ လယ်သမား နှစ်ယောက်ရှိနေတယ်၊ လယ်သမားအရေး ဆောင်ရွက်နေတဲ့ လူတွေ ရှိနေတယ်။ ဒီလိုပဲ မိတ္ထိလာဘက်မှာဆိုလို့ရှိရင် ပေါင်းတည်ထောင်မှာ လယ်သမားအရေး ဆောင်ရွက်နေတဲ့လူရော၊  လယ်သမားတယောက်ရော အချုပ်ထဲရောက်နေတယ်။ ဒါတွေက အင်မတန်မှ တိုင်းပြည်အတွက် ရှက်စရာကောင်းပါတယ်ဗျာ။ လယ်သမားတွေရဲ့ ဘ၀ကို ဒီလို ဖိနှိပ်ထားပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေးကို ဖွံ့ဖြိုးအောင် လုပ်မယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေလာပါလို့ ပြောနေတာကလည်း အင်မတန် ရှက်စရာကောင်းပါတယ်။ အဓိပ္ပာယ်လည်း မရှိဘူး။ ကျနော်တို့ ပြောချင်တာကတော့ လယ်ယာမြေ မှတ်ပုံတင်ရေး အငြင်းပွားနေတဲ့ အပိုင်းတွေ တကဏ္ဍထားပါ။ မှတ်ပုံတင်မရှိလို့ ငွေထုတ်မချေးတာမျိုးတွေ မဖြစ်သင့်ပါဘူး။ မှတ်ပုံတင်ခွင့် မရသေးပေမယ့်လည်း စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးတာတွေ အငြင်းပွားမှုက တပိုင်းထားပါ။ လတ်တလောမှာ မူရင်း လက်မှုလုပ်နေတဲ့ လယ်သမားကို ထွန်ယက်စိုက်ပျိုးစားသောက်ခွင့်  တနည်းအားဖြင့် လူ့အခွင့်အရေးအရ အသက်ရှင်သန်ခွင့်ပေးသင့်တယ်လို့ ကျနော်ကတော့ ဒီလိုပဲ မြင်ပါတယ်။” ဖြည့်စွက်ပြီး ဘာပြောစရာ ကျန်သေးလဲ။ “လွတ်လပ်စွာ ရပ်တည်ခွင့် မရှိသေးပေမယ့် လယ်သမားတွေက သတ္တိရှိရှိနဲ့ သမဂ္ဂတွေတော့ လုပ်နေကြပြီ။ ဒီသမဂ္ဂတွေ၊ ဒီကွန်ရက်တွေက ပြောတဲ့အသံတွေကို စကားတွေနဲတင် ကုစားနေတာ မဟုတ်ဘဲနဲ့ ထိထိရောက်ရောက် အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်ပေးသင့်ပါတယ်။ ဥပဒေတွေ ရေးဆွဲတဲ့အခါမှာလည်း အမျိုးသား လုပ်ငန်းရှင်ရဲ့ အကျိုးစီးပွားအတွက် သတ်သတ်ရေးဆွဲပါ။ ဒီလိုပဲ လယ်သမားတွေရဲ့ အကျိုးစီးပွားအတွက်ကို လယ်သမားတွေ စီးပွားအတွက် သတ်သတ်ရေးဆွဲပါ။ ဒါမှသာလျှင် အားလုံးအကျိုးရှိပြီးတော့ ပဋိပက္ခတွေ ချုပ်ငြိမ်းမှာပါ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024