Homeမြန်မာသတင်း
ဆိပ်ဖြူ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ယာဉ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌတို့ ကိုဗစ်-၁၉ ပိုးတွေ့
ဆိပ်ဖြူ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ယာဉ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌတို့ ကိုဗစ်-၁၉ ပိုးတွေ့
DVB
·
December 11, 2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်က ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ယာဉ် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌတို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတယ်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးဟန်က ပြောပါတယ်။
“ပိုးတွေ့တယ်ဆိုတာ မှန်ပါတယ်။ မနက်က ရကက ကို အနံ့ပျောက်လို့ စစ်တယ်။ ပိုးတွေ့တယ်ဆိုတော့ သူနဲ့ထိစပ်ဖြစ်တဲ့ ကျနော်တို့ ဌာနအကြီးအကဲတွေရော ပညာရေး၊ ကျန်းမာရေးဒေါက်တာတွေရော လွှတ်တော်ကိုယ်စလှယ်တွေကော စစ်လိုက်တယ်။ ကျနော်တို့က မော်တော်ယာဉ် ကားကြီးတွေစစ်တာတွေလုပ်တော့ သူနဲ့အတူပါတာကိုး၊ ဘယ်သူက ဘယ်သူကို ကူးတယ်ဆိုတာတော့မသိဘူးပေါ့။ ကျနော်လည်းစစ်လိုက်လိုက်တယ် ကျနော်ကတော့ Negative ပေါ့၊ ဒုအုပ်ချုပ်ရေးမှူးက Positive ပါ။ အဲဒါကြောင့် ဒုအုပ်ချုပ်ရေးမှူးနဲ့ တွေ့ခဲ့တဲ့လူတွေ ကို ပြန်စစ်နေတယ်”လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်က ပြောပါတယ်။
ပိုးတွေ့သူတွေနဲ့ ထိတွေ့ခဲ့သူတွေကို ဆိပ်ဖြူကားကြီးကွင်းမှာ test kits အသုံးပြု ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ ကျန်းမာရေး စစ်ဆေးနေပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ဒီဇင်ဘာ ၁၀ ရက်အထိ ၂၈ ဦးရှိပြီး ဆိပ်ဖြူပြည်သူ့ဆေးရုံမှာ ကုသစောင့်ရှောက်ထားပြီး လက်ရှိ အချိန်မှာ ၆ ဦးသာ ကျန်ရှိသလို တခြားသူတွေကတော့ ရောဂါသက်သာ ပျောက်ကင်း သွားပြီလို့ သိရပါတယ်။
သတင်း - ကိုလင်း(ချောက်)