ကယားပြည်နယ်၌ ကိုဗစ်-၁၉ လူနာသစ် ၆ ဦး ထပ်မံတွေ့ရှိ၊ အတည်ပြုလူနာပေါင်း ၅၃ ဦးရှိလာ
နော်နိုရင်း
·
December 11, 2020
ကယားပြည်နယ်မှာ ကိုဗစ်-၁၉ လူနာသစ် ၆ ဦးထပ်မံစစ်ဆေး တွေ့ရှိပြီး အတည်ပြုလူနာ စုစုပေါင်း ၅၃ ဦးအထိရှိလာပြီလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
လွိုင်ကော်မြို့နယ် ပညာရေးကောလိပ်နဲ့ လွိုင်ကော်တက္ကသိုလ် ကွာရင်တင်းစင်တာ နှစ်ခုမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့က Tast Kit နဲ့ စစ်ဆေးခဲ့ရာ ၅ ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်သလို လွိုင်ကော်သစ်ဆိပ်ရှိ ကုန်တင်ကားဝင်းမှာလည်း ၁ ဦးပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါတည်ပြုလူနာထဲမှာ အသက် ၂ နှစ်ခွဲအရွယ် ၁ ဦး၊ အသက် ၄၀ အရွယ် ၁ ဦးနဲ့ အသက် ၇၀ ကျော် အရွယ် သက်ကြီးပိုင်း ၂ ဦး တို့ပါဝင်ကာ အားလုံးဟာ မိသားစုဝင်တွေဖြစ်ကြပြီး ရန်ကုန်ကနေ လွိုင်ကော်ကို ပြန်လာခဲ့ကြသူတွေဖြစ်ပါတယ်။
ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က “ကလေးပါတဲ့ဟာက လွိုင်ကော်က မိသားစုပဲ။ ရန်ကုန် တောင်ဒဂုံမှာ ၈ လပိုင်းကတည်းက သွားနေတာ။ ကလေး ၂ နှစ်ကျော် ယောက်ျားလေး။ အဖိုးတယောက်၊ အဖွားတယောက်၊ စုစုပေါင်း ၄ ယောက်ပေါ့။ မိသားစုဝင်ပဲ။”
နောက်ထပ်ပိုးတွေ့လူနာကတော့ အသက် ၂၃ အနှစ်အရွယ် အမျိုးသား ၁ ဦးဖြစ်ပြီး မန္တလေးကနေ လွိုင်ကော် ဆောက်လုပ်ရေး လုပ်ငန်းလုပ်ဖို့ ဒီဇင်ဘာ ၄ ရက်နေ့က ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ နောက် ၁ ဦးကတော့ အသက် ၂၈ နှစ်အရွယ် ယာဉ်မောင်း ဖြစ်ပြီး သူဟာ မိတ္ထီလာ လွိုင်ကော်ကုန်တင်ယာဉ်မောင်းသူဖြစ်ပါတယ်။
ကယားပြည်နယ်မှာ ဒီဇင်ဘာ ၁၀ ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၃ ဦးရှိသွားပြီဖြစ်ပြီး ၂၂ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ မယ်စဲ့ဆေးရုံမှာ ၁ ဦး၊ ဒီးမော့ဆိုတိုင်းရင်းဆေးရုံမှာ ၁၇ ဦး၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ၁၃ ဦး စုစုပေါင်း ၃၁ ဦး ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်နေကြောင်းလည်း ဒေါက်တာဌေးလွင်က ပြောပါတယ်။