လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားစာ ၂၀၀၀ ကျော်ရောက်ရှိ၊ မြေယာကိစ္စ အများဆုံးပါဝင်
စိုးမိုးအောင်
·
December 10, 2020
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အခုနှစ်အတွင်း တိုင်ကြားစာပေါင်း ၂၁၀၂ စောင်ရရှိခဲ့ပြီး မြေယာကိစ္စတိုင်ကြားမှု အများဆုံးဖြစ်သလို ရဲနဲ့ပတ်သက်လို့ တိုင်ကြားမှုက ဒုတိယအများဆုံးဖြစ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ပြောပါတယ်။
၇၂ နှစ်မြောက်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ တစ်နှစ်တာအတွင်း ကော်မရှင်ရဲ့ အောင်မြင်တဲ့အပိုင်းတွေနဲ့ အားနည်းတဲ့အပိုင်းတွေကိုအစီရင်ခံစာထုတ်ပြန်ခဲ့သလို လာမယ့်နှစ်မှာတော့ စီးပွားရေးနဲ့လူ့အခွင့်အရေး၊ လွလပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်လို့ အဓိကထားဆောင်ရွက်မယ်လို့ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်လို့ အီလက်ထရောနစ်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေစတဲ့ဥပဒေ ၆ ခုလောက်ပြင်ဆင်ဖို့လိုသလို တခြား လူ့အခွင့်အရေးကိစ္စတွေလည်း ဆောင်ရွက်ဖို့ရှိတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် စစ်ဘေးရှောင်တွေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်နေသူတွေဟာ လူ့အခွင့်အရေးဆုံးရှုံးနေရသလို ရခိုင်မှာအင်တာနက်ဖြတ်တောက်တာ၊ လယ်ယာမြေကိစ္စတွေနဲ့အလုပ်သမား လယ်သမားအရေးတွေမှာ လူ့အခွင့်အရေးဆုံးရှုံးမှု တွေဆက်ရှိနေတယ်လို့ လူ့အခွင့်အရေးပညာပေးသူများကွန်ရက်ကဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါကြောင့် ဘာသာရေး၊ လူမှုရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ လူ့အခွင့်အရေးဆုံးရှုံးမှုတွေနဲ့ ကန့်သတ်ခံရမှုတွေရှိနေတဲ့အပေါ် အစိုးရသစ်အနေနဲ့ လူတန်းစားမရွေး တန်းတူအခွင့်အရေးပေးဖို့လိုတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဦးအောင်ဇော်ထွေးက ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ မြေယာရပိုင်ခွင့်နဲ့ပတ်သက်လို့ ဆင်းရဲတဲ့သူနဲ့ ချမ်းသာတဲ့သူတွေအကြားမှာ မညီမျှမှုဖြစ်နေ တာကြောင့် အစိုးရအနေနဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို တည့်မတ်အောင်လုပ်ပေးဖို့လိုတယ်လို့ ပြောပါတယ်။
ဒါ့အပြင်ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်မှုနဲ့ ကျောင်သားတွေကို တရားစွဲဆိုမှုတွေကလည်း မလုပ်သင့်ဘူးလို့ ဒီမိုကရေးစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ နော်အုန်းလှက ပြောပါတယ်။
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း ထုတ်ပြန်ကြေညာခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကို ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့လို့ ဂုဏ်ပြုသတ်မှတ်ထားတာ ပါ။
မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်တွေဖြစ်တဲ့ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစချုပ်စတဲ့ စာချုပ်တွေ လက်မှတ်ရေးထိုးထားပါတယ်။
Photo-MHRC