Home
မြန်မာသတင်း
ချင်းအမျိုးသားညီလာခံ ကျင်းပမည်
နန်းမြနဒီ
·
August 22, 2013
ချင်းနိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်း နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်တဲ့ ညီလာခံကြီးတခု ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ်နေပါတယ်။ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ချင်းလူမျိုးများရဲ့ မျက်နှာစုံညီ တွေ့ဆုံပွဲဖြစ်တဲ့အတွက်  ဒီကာလတွေအတွင်း ချင်းလူမျိုးတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စတဲ့အရေးအရာတွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေကို ဆွေးနွေးကြမယ်လို့ ညီလာခံ ဖြစ်မြောက်ရေးကော်မတီအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၁၄ ခုနှစ် ပြည်ထောင်စုညီလာခံအတွက် ပြင်ဆင်တာလည်းဖြစ် တယ်လို့ ညီလာခံဖြစ်မြောက်ရေးအဖွဲ့ဝင်တဦးဖြစ်သူ ဆလိုင်းငယ်ပီးက ဒီဗွီဘီကို ပြောပါတယ်။ “ချင်းတွေ ပိုပြီးတော့ သွေးစည်းညီညွတ်မှု ရှိမယ်လို့ မျှော်လင့်တယ်။ နောက် ၂၀၁၄ ပြည်ထောင်စု ညီလာခံပုံစံမျိုး ကျင်းပရင် ချင်းတွေဘက်က ကွဲပြားချက်တွေ သိမ့်မရှိတော့ပဲနဲ့ တသံတည်းထွက်လာဖို့။ ဥပမာ ချင်းမျိုးနွယ်စု ၅၃ မျိုးကို ပြန်စိစစ်မယ်။ နိုင်ငံရေး ကိစ္စတွေမှာ ကျနော်တို့ ချင်းတွေနဲ့ ပတ်သက်ပြီး ဘယ်လို အခြေအနေရှိမလဲ၊ သုံးသပ်မှုတွေပေါ့နော်။ ဒါတွေက နှစ်ပေါင်း ၆၀ ကျော်အတွင်းမှာ အခုမှ ပြန်တွေ့ကြမယ်ဆိုတော့ ဘယ်အရာတွေကို ထမြောက် အောင်မြင်နိုင်အောင် လုပ်မလဲဆိုတာပေါ့။” ညီလာခံကျင်းပနိုင်ဖို့အတွက် ချင်းနိုင်ငံရေးပါတီ ၄ ခု၊ ချင်းအမျိုးသားတပ်ဦး နဲ့ လူမှု အဖွဲ့အစည်းက ကိုယ်စားလှယ်တွေဟာ အနည်းဆုံး ၃ ကြိမ် အလွတ်သဘော တွေ့ဆုံ ညှိနှိုင်းခဲ့ကြပြီး ဒီလဆန်းပိုင်းမှာတော့ အဖွဲ့ဝင် ၂၇ ဦး ပါဝင်တဲ့ ညီလာခံဖြစ်မြောက်ရေး ကော်မတီတခု ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ ညီလာခံကို ချင်းပြည်နယ် မြို့တော်ဟားခါးမှာ လာမယ့် နိုင်ဝင်ဘာ ဒုတိယပတ် အတွင်း ကျင်းပနိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ချင်းတိုင်းရင်းသားညီလာခံကြီးကို လွန်ခဲ့တဲ့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ချင်းပြည်နယ် ဖလမ်းမြို့မှာ ကျင်းပခဲ့ပြီး အဲဒီနေ့မှာ  ချင်းအမျိုးသားနေ့ကို စတင်သတ်မှတ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024