ဧရာဝတီတိုင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်အပါအဝင် ၅၆ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
December 10, 2020
ဧရာဝတီတိုင်းအတွင်း တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ အပါအဝင် စုစုပေါင်း ၅၆ ဦးအထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံ ထားရတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။
တိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက" ရဲတပ်ဖွဲ့ဝင်တွေ ကူးစက်ခံရတာ ဟုတ်ပါတယ်။ ဘယ်လိုကူးစက်ခံရတယ်ဆိုတာကတော့ ရာဇဝင်လိုက်နေပါတယ်၊ လောလောဆယ် ရဲစခန်းမှာ ကျန်းမာရေးရဲ့ ညွှန်ကြားချက်တွေအတိုင်း နေထိုင်ဖို့ ညွှန်ကြားထားပါတယ်" လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင် တွေရဲ့ မိသားစုဝင်တွေ နေထိုင်စားသောက်ရေးအတွက် ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ တပ်ဖွဲ့ဝင်တွေက လပွတ္တာခရိုင်မှာ ၂၇ ဦး၊ ဟင်္သာတခရိုင်မှာ ၁၁ ဦး၊ မအူပင်ခရိုင်မှာ ၈ ဦး၊ ဖျာပုံခရိုင်မှာ ၆ ဦး၊ ပုသိမ်ခရိုင်မှာ ၃ ဦးနဲ့ အမှတ် ၁၃ ယာဉ်ထိန်း ဒုတပ်ဖွဲ့က ၁ ဦးတို့ဖြစ်ကြပါတယ်။
ဧရာဝတီတိုင်းမှာ ဒီဇင်ဘာ ၉ ရက်အထိ အရာရှိ ရဲတပ်ဖွဲ့ဝင် ၉ ဦး၊ တခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၄၆ ဦးနဲ့ ရဲတပ်ဖွဲ့ မိသားစုဝင် ၁ ဦး စုစုပေါင်း ၅၆ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)