DVB Logo
Home
မြန်မာသတင်း
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရသရွေ့ မွန်တော်လှန်ရေး ပြီးဆုံးမည်မဟုတ်ဟုဆို
DVB
·
August 22, 2013
Donate to DVB

အစိုးရနဲ့ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးခဲ့ပေမယ့်လည်း  ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရသေးသရွေ့ မွန်တော်လှန်ရေး ပြီးဆုံးမှာ မဟုတ်ကြောင်း ဩဂုတ် ၂၁ ရက်နေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် မွန်တော်လှန်ရေးနေ့မှာ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပါတီပြောခွင့်ရ စစ်ရေး၊ နိုင်ငံရေး မဟာဗျူဟာနဲ့ သုတေသနမှူး ဗိုလ်မှူး နိုင်သီရိမွန်ချမ်းက “ကျနော်တို့ အခုချိန်မှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတာတောင်မှ မွန်အမျိုးသား တော်လှန်ရေးဟာ မပြီးဆုံးသေးဘူး။ ကျနော်တို့ရဲ့ မွန်အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်မရရှိသေးသမျှ ကာလပတ်လုံး ဆက်ရှိနေရမယ်၊ တော်လှန်ရေး သတိရှိကြဖို့ ကျနော်တို့ရဲဘော်တွေရော မွန်ပြည်သူပြည်သားတွေရော သတိပေးတဲ့အနေနဲ့ပေါ့နော်။ မွန်အပါအ၀င် တိုင်းရင်းသား ပေါင်းစုံ တောင်းဆိုထားတဲ့ ကျနော်တို့ရဲ့ မွန်အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့ အဲဒါကို သွယ်ဝိုက်တဲ့နည်းနဲ့ တောင်းဆိုထားတယ်။”

မွန်အမျိုးသားတို့ လိုလားတဲ့ တန်းတူရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး နဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာတွေကို ဆွေးနွေးဖို့ မွန်ကိုယ်စားပြုပါတီ အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ညီလာခံကြီးတရပ် ကျင်းပဖို့ရှိပြီး အမျိုးသားရေးတာဝန်ကို မိမိကျရာအခန်း ကဏ္ဍကနေ ထမ်းဆောင်သွားဖို့ကိုလည်း တိုက်တွန်းထားတယ်လို့ သူက ဆက်ပြောပါတယ်။

မွန်ပြည်သစ်ပါတီဟာ အစိုးရနဲ့ အပစ်ခတ်ရပ်လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ ဆောင်ရွက်နေပေမယ့်လည်း လွန်ခဲ့တဲ့ ဇူလိုင်လပိုင်းက တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်ထဲမှာ အစိုးရတပ်က သူတို့ထိန်းချုပ်နယ်မြေထဲ ၀င်ရောက်လာပြီး ပစ်ခတ်တာ၊ သူတို့တပ်ဖွဲ့ဝင် ၄ ဦးကို ချုပ်နှောင် ဖမ်းဆီးထားတာတွေဟာ အစိုးရနဲ့ ယုံကြည်မှုတည်ဆောက်ရေး နဲ့ ငြိမ်းချမ်းရေးခရီးစဉ်ကို အဟန့်အတားဖြစ်စေတယ်လို့ ဗိုလ်မှူး နိုင်သီရိမွန်ချမ်းက ပြောပါတယ်။

မွန်ပြည်သစ်ပါတီကတော့ မွန်တမျိုးသားလုံးနဲ့ရော  အခြားတိုင်းရင်းသားလူမျိုးတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့အတူ စစ်မှန်တဲ့ အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ၀ိုင်းဝန်းတည်ဆောက်သွားကြမယ်လို့ ဆိုပါတယ်။

မွန်တော်လှန်ရေးနေ့အခမ်းအနားကို ဒီနှစ် ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းရွာ နဲ့ ရေးမြို့နယ် ရေးချောင်းဖျားဒေသ ပါတီဌာနချုပ်မှာအပြင် မုဒုံ၊ သံဖြူဇရပ်နဲ့ ပေါင်မြို့နယ်က ပါတီထိန်းချုပ်နယ်မြေတွေရော၊ ပြည်ပရောက် မွန်တွေကြားမှာလည်း အသီးသီးကျင်းပခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉၄၈ ခုနှစ် ၀ါခေါင်လပြည့်နေ့က မော်လမြိုင်မြို့အနီး ကရင်ပြည်နယ် ဇာသပြင် ရဲစခန်းကို မွန်လူငယ်တွေ ၀င်ရောက်သိမ်းဆည်းခဲ့တဲ့နေ့ကို အစွဲပြုပြီး မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013