DVB Logo
Home
မြန်မာသတင်း
မယူမနေရ ပင်စင်ပေးပြီး ဆရာမကို အလုပ်ကပါထုတ်
DVB
·
August 22, 2013
Donate to DVB

ပညာရေးဝန်ကြီးဌာနဟာ နေပြည်တော်ကောင်စီက အလယ်တန်းပြ ကျောင်း ဆရာမတဦးကို မယူမနေရ ပင်စင်ပေးတဲ့ ပြန်တမ်းကို ပယ်ဖျက်ပြီး အလုပ်က ထုတ်ပစ်လိုက်ကြောင်း ပြန်တမ်းတစောင် ထပ်မံထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းက ဆရာမ ဒေါ်စိုးစိုးခိုင်ကို အလုပ်က ထုတ်လိုက်တာ ဖြစ်ပါတယ်။

အခုလို အလုပ်ထုတ်လိုက်တဲ့အပေါ် ဆရာမဒေါ်စိုးစိုးခိုင်က အာဏာပိုင်တွေအနေနဲ့ လုပ်ချင်သလို လုပ်လို့ ရလားလို့ မေးခွန်းထုတ်ပါတယ်။

“အမိန့်တခုဟာ အခုမင်းကို ငါတို့ အငြိမ်းစားပေးလိုက်ပြီ မယူမနေရ၊ ခဏနေ မင်းကို ငါတို့ထုတ်လိုက်ပြီ၊ အဲဒီလိုလုပ်လို့ရလား။ ကျမအနေနဲ့ အဲဒါလေးပဲ သိချင်ပါတယ်။” မတရားမှုလို့ ခံယူတဲ့အတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ဆက်လက်ရင်ဆိုင်သွားမယ်လို့လည်း ဆိုပါတယ်။

ဆရာမဒေါ်စိုးစိုးခိုင်ဟာ ၈၈ အခမ်းအနားတက်တဲ့အတွက် အလုပ်က ပင်စင်ပေးခံရတယ်လို့ စာနယ်ဇင်းမီဒီယာ အတော်များများမှာ ရေးသားဖော်ပြ ထုတ်လွှင့်ခဲ့ကြပြီးတဲ့နောက် အခုလို အလုပ်က ထုတ်တဲ့စာ ထပ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံးအဖွဲ့မှူး ဦးဝေလွင်ဦးကတော့ အမိန့်မနာခံလို့ အလုပ်က ထုတ်တာလို့ ပြောပါတယ်။

“အငြှိုးနဲ့ လုပ်တာ မဟုတ်ဘူးလေ။ သူ့ရဲ့လုပ်ဆောင်ချက်အပေါ်မှာ မူတည်ပြီးတော့ ဖြစ်တဲ့ ကိစ္စပါ။ သူကျောင်းအုပ်ကြီးဆီကို ခွင့်မတင်ဘူး ပျက်ကွက်တယ်။ နောက် သူ့ကို ဒီကနေ တရားဝင် စာထုတ်ပြီးတော့ ရုံးမှာ တွဲထားတယ်၊ တရက်မှ မတက်ဘူး။ အဲဒီတော့ သူ့ကို အမိန့်မနာခံမှုတွေ နဲ့ ဒီကိစ္စဖြစ်ရတာပါ။ ဘာအငြှိုးနဲ့မှ လုပ်စရာ အကြောင်းမရှိပါဘူး။”

ဆရာမတဦးကို ဒီလိုမျိုး မယူမနေရ ပင်စင်ပေး၊ တခါ အလုပ်ကထုတ်ပစ်တာမျိုး ပညာရေးလောကမှာ ရှိခဲ့ဖူးလားလို့မေးတော့ ပြန်ကြည့်ရဦးမယ်လို့ ပြောပါတယ်။

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးက ပညာရေးဝန်ကြီးဌာနရဲ့ ကိုင်တွယ်ပုံကို ဝေဖန်ပြစ်တင်လိုက်ပါတယ်။

“ပညာရေး ၀န်ကြီးဌာနဆိုတာ ပျော့ပျောင်းမှုရှိနေရမှာဗျ။ ပညာရေး ၀န်ကြီးဌာနက လက်နက်ကိုင် အဖွဲ့အစည်းတွေကို အုပ်ချုပ်ရတဲ့ ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တောင်ထက် ပိုပြီးတော့ တင်းမာနေသလားဆိုတော့ ဒီလုပ်ရပ်ကို လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ကျနော်မြင်တာ ဒီကိစ္စမှာ မှန်မှန်ကန်ကန်နဲ့ ဖြေရှင်းပေးတဲ့ ဟာမျိုးကိုပဲ လိုချင်တယ်။ ဘာပဲပြောပြော ၁၈ နှစ်တိတိ ကလေးတွေကို ပြုစုပျိုးထောင်လာတဲ့ ကျောင်းဆရာ ဆရာမတွေရဲ့မျက်နှာကို ကြည့်သင့်တယ်။ ဆရာမတယောက်တည်း မဟုတ်ဘူး၊ ပညာရေးဝန်ကြီးဌာနမှာ ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူ အားလုံးရဲ့မျက်နှာ၊ ပြည်သူတွေရဲ့ မျက်နှာ၊ ကလေးတွေရဲ့ အနာဂတ်ကို ပုံဖော်ပေးနေတဲ့ ကျောင်းဆရာ ဆရာမတွေရဲ့ မျက်နှာကိုကြည့်ပြီး ပျော့ပျော့ပျောင်းပျောင်းနဲ့ ဆက်ဆံသင့်တယ်လို့ ကျနော် ထင်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013