DVB Logo
Home
သုံးသပျခကျြ
အမတ်တွေကို ကလေးလို ထိန်းတဲ့ လွှတ်တော်
DVB
·
August 22, 2013
အမတ်တွေကို ကလေးလို ထိန်းတဲ့ လွှတ်တော်
Donate to DVB

ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ အမတ်တွေ လွှတ်တော်မှာ မေးခွန်းမေးတာနဲ့ ပတ်သက်ပြီး ပန်ကြားချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ ဒီ ပန်ကြားချက်ထဲမှာ မေးခွန်းမေးတဲ့အခါ အခမ်းအနား အစီအစဉ် စာရွက်မှာ ဖော်ပြထားတဲ့ မေးခွန်း အတိုချုပ်အတိုင်းပဲ မေးဖို့ ဆိုပြီး ဖော်ပြထားပါတယ်။ တကယ်တော့ ဒီ ပန်ကြားချက်ဟာ အမတ်တွေကို ကလေးတွေလို သဘောထားပြီး ဟိုလို မမေးရဘူး၊ ဒီလိုပဲ မေးခွင့်ရှိတယ်လို့ လူကြီးက ကလေးတွေကို ထိန်းသလို ထုတ်ပြန်လိုက်တဲ့ ပန်ကြားချက်မျိုး ဖြစ်နေပါတယ်။ တကယ့်လက်တွေ့မှာလည်း ပန်ကြားချက် ထုတ်ပြန်ပြီးနောက်ပိုင်း အမတ်တချို့ ဒီအချက်ကို မလိုက်နာကြပါဘူး။ ဒီ ပြဿနာ ဘာကြောင့် ဖြစ်ပေါ်ရသလဲ၊ ဒါကိုကြည့်ပြီး လက်ရှိ လွှတ်တော် အဆင့်အတန်းကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုနိုင်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

အမတ်တွေဟာ လွှတ်တော်ထဲမှာ အကြမ်းဖျင်း အလုပ် ၃ ခု လုပ်နိုင်ပါတယ်။ ပထမ တခုကတော့ ပြည်သူတွေ သိချင်တာတွေကို ပြည်သူတွေကိုယ်စား သက်ဆိုင်ရာ အစိုးရအဖွဲ့ကို မေးခွန်းတွေ မေးမြန်းပေးရတာ ဖြစ်ပါတယ်။ နောက်တခုကတော့ အဆိုတင်သွင်းရတာဖြစ်ပြီး နောက်ဆုံးတခုကတော့ ဥပဒေတွေကို ဆွေးနွေးငြင်းခုံ ပြဋ္ဌာန်းပေးရတာမျိုး ဖြစ်ပါတယ်။ ပထမ တချက်ဖြစ်တဲ့ လွှတ်တော်ထဲမှာ မေးခွန်းတွေ မေးမြန်းဖို့ ဆိုရာမှာ သူရဦးရွှေမန်း ပြောသလို အစီအစဉ် စာရွက်မှာပါတဲ့ စာ ၂ ကြောင်း၊ ၃ ကြောင်းလောက်ကို ဒီအတိုင်း ဖတ်ပြလိုက်ရုံနဲ့ အမတ်အချင်းချင်းတောင် ဘာမှ သိလိုက်မှာ မဟုတ်ပါဘူး။ ပြည်သူတွေသိဖို့ ပိုပြီး မလွယ်ကူပါဘူး။ လာဖြေမယ့် ၀န်ကြီးဌာန တာဝန်ရှိသူတွေကလည်း ဘာမေးလို့ မေးလိုက်မှန်း သိကြမှာ မဟုတ်ပါဘူး။ တကယ်တော့ လွှတ်တော်ထဲမှာ မေးခွန်းတွေ မေးတယ်ဆိုတာ ပြည်သူတွေအတွက် ပြည်သူတွေကိုယ်တိုင် သိရှိအောင် မေးမြန်းရခြင်း ဖြစ်ပါတယ်။ ဒီအတွက် ဘာတွေဖြစ်နေပါတယ်၊ ဒါကြောင့် ၀န်ကြီးဌာနအနေနဲ့ ဒါတွေကို သိသလား မသိဘူးလား၊ ဒီကိစ္စတွေ ဖြေရှင်းပေးဖို့ ရှိသလား မရှိဘူးလား စသဖြင့် အခြေအနေကို နားလည်အောင် ရှင်းပြပြီးမှ နောက်ဆုံး မေးခွန်းမေးရတာမျိုး ဖြစ်ပါတယ်။ ဒါကို သူရဦးရွှေမန်းက စာရွက်မှာ ဖော်ပြထားသလောက်ပဲ ဖတ်ပြဆိုတာဟာ အတော့်ကို မဖြစ်နိုင်တဲ့ မဖြစ်သင့်တဲ့ ညွှန်ကြားချက်မျိုး ပေးလိုက်တဲ့ သဘောလည်း သက်ရောက်နေပါတယ်။

ဒီပန်ကြားချက်ထုတ်ဖို့ သူရဦးရွှေမန်း ကိုးကားလိုက်တာဟာလည်း ရှေ့နောက်မညီ သိပ် သဘာဝ မကျပါဘူး။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄၁ (င) မှာ မလိုအပ်ဘဲ ရှည်လျားခြင်း မရှိသော မေးခွန်းဖြစ်ရမည်လို့ပဲ ဖော်ပြထားပါတယ်။ စာရွက်ပေါ်မှာ ပါတာလောက်ပဲ ဖတ်ပြပါ ဆိုတာမျိုး ဖော်ပြမထားပါဘူး။ မလိုအပ်ရင် ရှည်လျားခြင်း မရှိရ ဆိုတာဟာ လိုအပ်ရင် ရှည်လျားနိုင်တဲ့ သဘောလည်း သက်ရောက်ပါတယ်။ တကယ့်တကယ် မေးခွန်းတွေကို အချိန်တိုတိုနဲ့ လိုရင်းရောက်အောင်၊ ပြည့်လည်း ပြည့်စုံအောင် မေးတတ် မြန်းတတ်ဖို့ ဆိုတာကလည်း အမတ်တွေရဲ့ အရည်အချင်းနဲ့ အများကြီး သက်ဆိုင်ပါတယ်။

တကယ်တော့ လက်ရှိ လွှတ်တော် လည်ပတ်နေပုံဟာ ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့ စနစ်တကျ အသက်ဝင်နေတာမျိုးတော့ မဟုတ်ပါဘူး။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းလို လူပုဂ္ဂိုလ် အနေအထားကြောင့် လည်ပတ် အသက်ဝင်နေတယ်လို့ ပြောရင်တောင် ရနိုင်ပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ နှစ် အန်အယ်လ်ဒီ အမတ်တွေ လွှတ်တော်ထဲ ရောက်လာတဲ့အချိန် လွှတ်တော် Calendar တခုလုပ်ဖို့ အဆိုတင်ခဲ့ကြပါတယ်။ အကြောင်းကတော့ လွှတ်တော် ဥပဒေ နည်းဥပဒေမှာ လွှတ်တော်ကို တနှစ်မှာ အနည်းဆုံး တကြိမ် ခေါ်ရမယ် ဆိုတာလောက်ပဲ ပါတာကြောင့် ဥပဒေကြောင်းအရ စနစ်တကျ ဖြစ်သွားအောင် တင်လိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်းနဲ့ အမတ်တွေရဲ့ ပယ်ချတာ ခံရပါတယ်။ သဘောကတော့ ပြည်သူ့လွှတ်တော် ပြည်ထောင်စု လွှတ်တော် ဆိုတာဟာ သူရဦးရွှေမန်းက တနှစ်နေလို့မှ တကြိမ်ပဲ ခေါ်ရင်လည်း ရတယ်၊ အကြိမ်ကြိမ် ခေါ်ရင်လည်းရတယ်၊ တကြိမ်ခေါ်ရင်လည်း ကြာချင်သလောက် ကြာနိုင်တယ် ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။

အလားတူ လွှတ်တော် ရုံးအဖွဲ့ဆိုတာကလည်း စည်းမျဉ်းစည်းကမ်း တိတိကျကျနဲ့ အလုပ်လုပ်နေတာ မဟုတ်ဘဲ သူရဦးရွှေမန်းနဲ့ ကြံ့ခိုင်ရေး အမတ်တွေရဲ့ ဆန္ဒအောက်မှာ အလုပ်လုပ်နေကြတာပါ။ ဘယ်မေးခွန်းကတော့ မေးသင့်တယ်။ ဘယ်မေးခွန်းက မမေးသင့်ဘူး။ ဘယ်အဆို တင်သင့်တယ်၊ ဘယ်အဆိုက မတင်သင့်ဘူး၊ ဘယ်ဥပဒေက တင်သင့်တယ်၊ ဘယ်ဥပဒေကတော့ မတင်သင့်ဘူး စသဖြင့် ဘာအကြောင်းပြချက်မှ မပေးပဲ ဆုံးဖြတ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လွှတ်တော်ဟာ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းနဲ့ စနစ်တကျ သွားနေတယ် ဆိုတဲ့ ပုံစံမျိုးထက် ဥက္ကဋ္ဌ ၂ ယောက်ဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့က လူကြီးနေရာယူပြီး အမတ်တွေကို ကလေးထိန်းသလို ထိန်းတဲ့ အနေအထား ပုံစံမျိုး ပေါ်လာရတာ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်လို ဦးဆောင်သူမရှိတဲ့ ပြည်နယ်နဲ့တိုင်း လွှတ်တော် ၁၄ ခုကတော့ ရှိတယ်လို့တောင် မထင်ရတဲ့ အမည်ခံ လက်ညှိုးထောင် ခေါင်းညိတ် လွှတ်တော်တွေ ဖြစ်နေတာကိုလည်း ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။ ဒီလို လူပုဂ္ဂိုလ် ဗဟိုပြုပြီး လည်ပတ်နေတဲ့ လွှတ်တော်မျိုး မဟုတ်ဘဲ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့ သက်ဝင်လှုပ်ရှားတဲ့၊ ဒီမိုကရေစီဆန်တဲ့ လွှတ်တော်မျိုး ဖြစ်လာဖို့အတွက် လွှတ်တော် ဥပဒေ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ အများကြီး ပြုပြင်ဖို့၊ ထပ်ပြီး ပြဋ္ဌာန်းဖို့ လိုမှာဖြစ်သလို အမတ်တွေကလည်း ပြည်သူတွေက တကယ်ရွေးကောက်တင်မြှောက်လိုက်သူတွေ ဖြစ်ဖို့ လိုမယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013