DVB Logo
Home
မြန်မာသတင်း
သဘာ၀တရားထဲ ငုပ်နေသည့်စွမ်းအားသစ်များကို စူးစမ်းရှာဖွေဖော်ထုတ်သည့် နည်းပညာရရှိရေး ကြိုးပမ်းရန် ကာချုပ်တိုက်တွန်း 
DVB
·
December 8, 2020
သဘာ၀တရားထဲ ငုပ်နေသည့်စွမ်းအားသစ်များကို စူးစမ်းရှာဖွေဖော်ထုတ်သည့် နည်းပညာရရှိရေး ကြိုးပမ်းရန် ကာချုပ်တိုက်တွန်း 
Donate to DVB

သဘာ၀တရားထဲတွင် ငုပ်နေသည့်စွမ်းအားသစ်များကို စူးစမ်းရှာဖွေဖော်ထုတ်တဲ့ နည်းပညာ ရရှိအောင် ကြိုးစားကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၇ ရက်မနက်က ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားမှာ တက်ရောက်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောသွားတာပါ။

မျက်မှောက်ခေတ်အင်ဂျင်နီယာပညာရေးရဲ့ သဘောသဘာ၀ဟာ သီအိုရီ အခြေခံပြီး လက်တွေ့အခြေအနေနဲ့ ဆက်စပ်စဉ်းစားတွေးခေါ်ကာ လူမှုဘ၀အတွက် အသုံးဝင်မယ့် တီထွင်မှုတွေ ဆောင်ရွက်နိုင်ရန်ပင်ဖြစ်ကြောင်း၊ ဒါကြောင့် သဘာ၀ တရားထဲမှာ ငုပ်နေသည့်စွမ်းအားသစ်တွေကို စူးစမ်းရှာဖွေဖော်ထုတ်တဲ့ နည်းပညာ ရရှိအောင် ကြိုးစားကြရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

နည်းပညာဆိုသည်မှာ စိတ်ကူးများကို လက်တွေ့ အကောင် အထည်ဖော် အသုံးချနိုင်အောင် ဆောင်ရွက်တဲ့ ပညာရပ်ဆိုင်ရာနည်းနာဖြစ်ပြီး ဘောင်ကန့်သတ်ချက်မရှိခြင်းကြောင့် ပြိုင်ဆိုင်မှုနဲ့ စိန်ခေါ်မှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေကြောင်းလည်း ပြောပါတယ်။ 

မျက်မှောက်ခေတ်မှာ စစ်အင်ဂျင်နီယာတပ်ဖွဲ့တွေဟာ ခြေလျင် စစ်သည်တွေကဲ့သို့ တိုက်ပွဲဝင်နိုင်ဖို့နဲ့ မိမိတို့ရဲ့ တပ်ဖွဲ့ဆိုင်ရာပညာရပ်ဖြစ်တဲ့ စစ်အင်ဂျင်နီယာပညာရပ်သာမက မဖြစ်မနေတတ်ကျွမ်းရမယ့် စစ်နည်းဗျူဟာပညာ ရပ်တွေကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီး ရဲစွမ်းသတ္တိနဲ့ ပြည့်စုံဖို့လိုတယ်လို့လည်း ပြောပါတယ်။

ခေတ်သစ်စစ်ပွဲတွေမှာ လေကြောင်းအရေးသာမှုနဲ့ အီလက်ထရောနစ် နည်းပညာ ကောင်းမွန်သာလွန်မှု၊ ခေတ်မီစစ်လက်နက်ပစ္စည်း အသုံးချနိုင်မှုတွေက တိုက်ပွဲအဆုံးအဖြတ်ကို များစွာအထောက်အကူဖြစ်စေကြောင်း၊ မိမိတို့တပ်မတော်ကို စွမ်းရည်ထက်မြက်တဲ့ ခေတ်မီတပ်မတော် Standard Army အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်ရာမှာ စစ်မှုသိပ္ပံနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။

စစ်သိပ္ပံနဲ့ နည်းပညာရပ်ပိုင်းဆိုင်ရာ တစ်ဟုန်ထိုးတိုးတက်နေတဲ့ခေတ်မှာ မိမိဝါသနာပါရာ မိမိတတ်ကျွမ်းထားတဲ့ ပညာရပ်ကို လက်ရှိအဆင့်မှာ ကျေနပ်နှစ်သိမ့်မှုရှိမနေဘဲ ဆက်လက်လေ့လာကြဖို့နဲ့ ခေတ်မီလက်နက်တွေကို စစ်မြေပြင်မှာ ကျွမ်းကျင်စွာကိုင်ဆောင်ပြီး တိုက်ပွဲဝင်နိုင်ဖို့အတွက်  ကြိမ်ဖန်များစွာ လေ့ကျင့်ကြဖို့လည်း ဗိုလ်ချုပ်မှူးကြီးက ဗိုလ်လောင်းတွေကို တိုက်တွန်းပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၂)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း ထွန်းလှိုင်ဝင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း နိုင်လင်းဦးနဲ့ စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အံ့မော်ဟိန်း တို့ကို ဆုတွေချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ဓာတ်ပုံ- DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013