Home
ဆောင်းပါး
“ကျမကို လာပြီးခြိမ်းမခြောက်နဲ့ အမှန်တရားနဲ့လည်း မဝေးနိုင်ဘူး” (ဆောင်းပါး)
DVB
·
December 8, 2020
PPE ဝတ်စုံကို ဝတ်ဆင်ကာ လက်ထိတ်ခတ်ခံထားရလျက် တရားရုံးထဲက ထွက်လာတဲ့ အမျိုးသမီးတစ်ဦးကို လာရောက်ဝန်းရံသူအချို့ ပန်းတွေပေးကြတဲ့ မြင်ကွင်းက ဒီဇင်ဘာလရဲ့ မနက်ခင်းတစ်ခုက မြင်ကွင်းတစ်ခုပါ။ တက်ကြွပြီး ပျော်ပျော်နေတတ်ဟန်ရှိတဲ့ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးငယ်ဟာ နိုင်ငံရေးပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်ခံရလိမ့်မယ်လို့ သူကိုယ်တိုင် တွေးထင်မိခဲ့မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ ဖိအားပေးခံရတယ်ဆိုပြီး သူမရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့တဲ့ မသဉ္ဇာသန်းမင်းကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ပခုက္ကူမြို့နယ်တရားရုံးက ဒီဇင်ဘာ (၄)ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၉) လ ချမှတ်လိုက်ပါတယ်။ မသဉ္ဇာသန်းမင်းဟာ ပခုက္ကူမြို့နယ်ရှိ အမှတ် ၂၃၅ ခြေလျင်တပ်ရင်းမှာ မိဘတွေနဲ့အတူနေထိုင်သူဖြစ်ပြီး ဖခင်က တပ်မတော်ဆေးဖက်ဆိုင်ရာ လက်ထောက်အရာခံဗိုလ် ဖြစ်ပါတယ်။ “ကျွန်မကို ဒီနေ့ ရုံးခေါ်တယ်။ ဘာကိစ္စလဲလို့မေးတော့ မဲကိစ္စတဲ့၊ ကျွန်မအဖေက စစ်သားဖြစ်နေလို့ USDP ကိုမဲပေးရမယ်တဲ့၊ ကျွန်မကတော့ NLD ကို မဲပေးလို့ ကျွန်မအဖေရာထူးကို ခြိမ်းခြောက်နေပါတယ်ရှင့်၊ အခုစာလဲတင်လို့ဆိုပြီး အရေးယူမလားမသိဘူးရှင့်” လို့ မသဉ္ဇာသန်းမင်းက Thin Zar အမည်ရှိ အကောင့်နဲ့ စက်တင်ဘာ (၂၃) ရက်နေ့က ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲ့လိုရေးသားမှုနဲ့ ပတ်သက်ပြီး တပ်အရာရှိတစ်ဦးက ခေါ်ယူစစ်ဆေးတဲ့အခါမှာ တပ်အရာရှိက လက်ကိုင်ဖုန်းကို တောင်းယူတဲ့အတွက် တပ်အရာရှိနဲ့ အချင်းများခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်ရပ်တွေကြောင့် မသဉ္ဇာသန်းမင်းကို ပုဒ်မ ၅၀၅(က)နဲ့ ဒုတိယ ဗိုလ်မှူးကြီးတစ်ဦးက တပ်မတော်ကိုယ်စား တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဟာ ပြည်ထောင်စုအစိုးရရဲ့ ကြည်း၊ရေ၊လေ တပ် တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားကို စစ်ပုန်ကန်ခြင်း၊ သက်ဆိုင်ရာ တာဝန်ဝတ္တရားကို မလေးစားခြင်း၊ ပျက်ကွက်ခြင်းပြုစေရန် အကြံရှိခြင်း သို့မဟုတ် ပြုစေတဲ့အကြောင်းရှိရင် နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ မသဉ္ဇာသန်းမင်းနဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကတော့ “တရားရုံးက စစ်ဆေးရင်တော့ ပေါ်ပါလိမ့်မယ်။ တပ်ကနေ ပြည်ခိုင်ဖြိုးကို မဲပေးခိုင်းလို့ မဟုတ်ပါဘူး။ ပုဂ္ဂလိကပိုင်းဆိုင်ရာ အကြောင်းအရာတွေ ပါပါတယ်” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ (၂၇) ရက်နေ့ကနေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ “သူ ပြုလုပ်တာ မှားတယ်ဆိုရင် တောင်းပန်ပါတယ်လို့ တရားရုံးမှာ စစ်တုန်းက သူပြောခဲ့တယ် ”လို့ မသဉ္ဇာသန်းမင်းဘက်မှ လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ချိုချိုမာက ပြောပါတယ်။ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်ရင် မိမိတို့ယုံကြည်ချက်၊ ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရေးသားဖြန့်ဝေခွင့်ရှိတယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။ “စစ်တပ်ထဲကပဲဖြစ်ဖြစ် ရဲထဲကပဲဖြစ်ဖြစ် ဘယ်နေရာကဖြစ်ဖြစ် လူတိုင်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။ ဒီအခွင့်အရေးကို လွတ်လွတ်လပ်လပ်ကျင့်သုံးခွင့်ရှိတယ်။ စည်းကမ်းတကျပေါ့၊ လွတ်လပ်စွာ ဆဲဆိုခွင့်၊ မဟုတ်တမ်းမတရား ပြောပိုင်ခွင့်တွေတော့ မရှိဘူးပေါ့၊ ကိုယ့်ရဲ့ ယုံကြည်ရာ ကိုယ့်ရဲ့ ယုံကြည်ချက် ကိုယ့်ထင်မြင်ချက်ကို တခြားသူတစ်ဦးတစ်ယောက်ကို အနှောင့်အယှက်မဖြစ်စေဘူးဆိုရင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတယ်”လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးကျော်က သူ့အမြင်ကို ပြောပြပါတယ်။ နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ မည်သည့် နေရာမှာနေထိုင်သူပဲ ဖြစ်ဖြစ် နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးက အားလုံးအတူတူဖြစ်ပြီး အဲ့ဒီအခွင့်အရေးကို လူတိုင်းလွတ်လွတ်လပ်လပ် ကျင့်သုံးနိုင်ဖို့အတွက် နိုင်ငံတော်အစိုးရကနေ စနစ်တကျ ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်တယ်လို့ ဦးအောင်မျိုးကျော်ကဆိုပါတယ်။ မသဉ္ဇာသန်းမင်းဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးတာဖြစ်ပြီး ဒီလိုကျင့်သုံးတဲ့အပေါ် ထောင်ချမှတ်ခံရတာဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တယ်လို့ ဦးအောင်မျိုးကျော်က ဆက်ပြောပါတယ်။ လက်ရှိမှာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၃၆) ဦးရှိပြီး မသဉ္ဇာသန်းမင်းတစ်ဦးသာ အမျိုးသမီးဖြစ်တယ်လို့ AAPP ရဲ့စာရင်းတွေအရ သိရပါတယ်။ “ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ တရားမမျှတတဲ့ ကိစ္စရပ်တွေ၊ ရွေးကောက်ပွဲ မသမာတဲ့ကိစ္စရပ်တွေ ပြောတဲ့လူတွေအများကြီးရှိပေမယ့် ဒီအမျိုးသမီးတစ်ယောက်ကို အခုလိုစွပ်စွဲတာလဲ ဆိုတာ နားမလည်ဘူး ”လို့ Women’s League od Burma (WLB) အဖွဲ့မှ အထွေထွေအတွင်းရေးမှူး နော်စဲစဲကပြောပါတယ်။ အစိုးရအနေနဲ့လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေ၊ အမှန်တရားကို ဖော်ထုတ်တဲ့သူတွေအတွက် အကာအကွယ်ပေးနိုင်မယ့်နည်းလမ်းတွေကို စဉ်းစားသင့်တယ်လို့ နော်စဲစဲက ထောက်ပြပါတယ်။ မသဉ္ဇာသန်းမင်းရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အမှန်တရားကို မြတ်နိုးသူတွေ၊ လူ့အခွင့်အရေးကိုတန်ဖိုးထားသူတွေက အားပေးကြတာရှိသလို အမျိုးသမီးတစ်ဦးက နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့အပေါ် ဝေဖန်တိုက်ခိုက်ကြသူတွေလည်းရှိပါတယ်။ တရားရင်ဆိုင်နေရစဉ် ကာလတွေမှာတော့ မသဉ္ဇာသန်းမင်းကို လာရောက်ဝန်းရံသူတွေ များပြားခဲ့ပါတယ်။ အစိုးရအနေနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ရင် အရေးတကြီးဆွေးနွေးဖို့ လိုအပ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခံထားရတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ဦးအောင်မျိုးကျော်က အကြံပြုပါတယ်။ မြန်မာနိုင်ငံတဝန်းက အမျိုးသမီးအဖွဲ့တွေ နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့ အထိ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုမျိုးစုံကိုဆန့်ကျင်တဲ့ အသိပညာပေးမှုနဲ့လှုပ်ရှားမှုတွေ ပြုလုပ်နေကြတဲ့ (၁၆) ရက်တာ လှုပ်ရှားမှုကာလရဲ့ပထမဆုံးနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၅  ရက်နေ့မှာမှာပဲ မသဉ္ဇာသန်းမင်းကို စတင်ရုံးထုတ်ခဲ့ပြီး ဒီဇင်ဘာလ (၄) ရက်နေ့က အမိန့်ချခဲ့ခြင်းခံရတာပါ။ အမျိုးသမီးအရေးလှုပ်ရှားသူတွေအနေနဲ့ အိမ်တွင်းအကြမ်းဖက်မှု၊ အဓမ္မမှုတွေ ကြုံတွေ့ခံစားနေရတဲ့ အမျိုးသမီးတွေ အတွက်တင်မကပဲ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့လို့ အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသူတွေ၊ လုပ်ခလစာအတွက် ဆန္ဒပြလို့ တရားရင်ဆိုင်နေရတဲ့ အမျိုးသမီးအလုပ်သမားတွေအတွက်လည်း ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ လူ့အခွင့်အရေးလှုပ်ရှားသူ အချို့ကတိုက်တွန်းပါတယ်။ “အကြောက်တရားနဲ့နေတဲ့သူဟာ အမှန်တရားနဲ့ဝေးသွားတတ်တယ်။ ကျမကို လာပြီးခြိမ်းမခြောက်နဲ့ အမှန်တရားနဲ့လည်း မဝေးနိုင်ဘူး” လို့ စက်တင်ဘာ ၁၃ ရက်နေ့က လူမှုကွန်ရက်မှာ ရေးသားခဲ့သူ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခဲ့သူ၊ အမှန်တရားတွေအတွက် တိုက်ပွဲဝင်ခဲ့သူ မသဉ္ဇာသန်းမင်းဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကို ရင်ဆိုင်ရတော့မှာပါ။ ခင်ဘုန်းမို့ hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024