TNLA က အရပ်သားများကို အဓမ္မဖမ်းဆီး ငွေကြေးတောင်းသည့်အပေါ် မိုးကုတ်လူထု ကန့်ကွက်
DVB
·
December 8, 2020
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က အရပ်သားပြည်သူတွေကို အဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး ငွေကြေးတောင်းခံနေတဲ့အပေါ် မိုးကုတ်မြို့ရှိ ရဟန်းရှင်လူ မြို့သူမြို့သားတွေက ကန့်ကွက်ရှုတ်ချကြောင်း လူ့အခွင့်အရေးနဲ့ တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့က ဒီဇင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့ စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို ဒီဇင်ဘာလ ၄ ရက်နေ့က အရပ်ဝတ်နဲ့ လက်နက်ကိုင်လူတစ်စုက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဦးကျော်ဝင်းကို ဖမ်းထားတဲ့အကြောင်း TNLA တာဝန်ရှိသူတွေကလည်း သတင်းဌာနတွေကို ဝန်ခံဖြေကြားထားပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ရှောလီဝိုင်းရပ်ကွက်ကနေ ဒေါ်ခင်မြင့်ဋ္ဌေးကို TNLAက အရပ်ဝတ်နဲ့နေအိမ်အတွင်း လက်နက်ပြခေါ်ဆောင်သွားပြီး ၁၀ ရက်ကြာ အဓမ္မရိုက်နှက်ခဲ့ကာ ငွေကျပ်သိန်း ၃၄၀ နဲ့ ပြန်လည်ရွေးယူခဲ့ရတယ်လို့ ကာယကံရှင်ဘက်ကပြောထားပါတယ်။
လတ်တလောမိုးကုတ်မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းတွေ၊ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ၊ တနိုင်တပိုင်လုပ်ငန်း၊ စျေးဆိုင်ခန်း၊ ကုန်စုံဆိုင်တွေကို TNLA က နည်းလမ်းမျိုးစုံသုံးပြီး ခြိမ်းခြောက်ကာငွေကြေးတောင်းခံတာကို မြို့သူမြို့သားတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
TNLAအနေနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာမှုမရှိပဲ နိုင်ငံတကာ စစ်ဖက်အရပ်ဖက်ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နေပြီး လက်နက်မဲ့ အရပ်သားတွေအပေါ် လူ့အခွင့်ရေးချိုးဖောက် အနိုင်ကျင့်နေတဲ့လုပ်ရပ်တွေကို နိုင်ငံတကာ လူ့အခွင့်ရေး ကော်မရှင်၊ တရုတ်နိုင်ငံအပါအဝင် နိုင်ငံအသီးသီးကို အကြောင်းကြားသွားမယ်လို့ လူ့အခွင့်အရေးနဲ့ တရားမျှတရေးစွမ်းဆောင်သူများအဖွဲ့က ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
TNLAအနေနဲ့ ဖမ်းဆီးထားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ အဓမ္မငွေကြေး တောင်းနေမှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ပြီး အခုလို လုပ်ရပ်တွေကို မြို့နေ ရဟန်းရှင်လူ လူတန်းစား အလွှာအသီးသီးနဲ့ ဘာသာရေးအဖွဲ့အစည်း၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ကနေ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချတယ်လို့ လူ့အခွင့်အရေးနဲ့တရားမျှတရေးစွမ်းဆောင်သူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
သတင်း - ဟန်နာထက်အောင်