Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ ဖြင့်သေဆုံးသူ ၉၂ ရာခိုင်နှုန်းကျော် ရန်ကုန်ကဖြစ်၊ အထူးသတိထားရန် အတိုင်ပင်ခံပုဂ္ဂိုလ်ပြော 
DVB
·
December 8, 2020
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူအားလုံးရဲ့ ၉၂ ဒသမ ၇ ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းကဖြစ်တာကြောင့်  ရန်ကုန်တိုင်းအနေနဲ့ အထူး သတိထားဖို့လိုတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။   ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနို်ငငံမှာ  ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး  ဒီဇင်ဘာ ၇ ရက်ညက နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ  ပြည်သူကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောသွားတာပါ။ “အခုကိုဗစ်-၁၉ ရဲ့ နောက်ဆုံးအခြေအနေပြောရမယ်ဆိုရင် ရန်ကုန်တိုင်းကတော့  အထူးသတိထားရမယ်ဆိုတာ ကျမအရင်လည်းပြောပြီးပါပြီ။ ထပ်လောင်းပြီးတော့လည်း ပြောချင်ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ အခု ရန်ကုန်တိုင်းမှာဆိုရင် အတည်ပြုလူနာအားလုံးပေါ့၊ ဒီရောဂါစပြီးဖြစ်ကတည်းက အတည်ပြုလူနာအားလုံးရဲ့ ၇၄  ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းက ဖြစ်တာပါ။  နောက်ပြီးတော့  သေဆုံးသူအားလုံးရဲ့ ၉၂ ဒသမ ၇ ရာခိုင်နှုန်းဟာလည်း ရန်ကုန်တိုင်းကပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းက အထူး သတိထားဖို့လိုတယ်လို့ ကျမတို့ ထပ်တလဲလဲ ပြောတာပါ။” ရန်ကုန်တိုင်းမှာ လူဦးရေထူထပ်တာနဲ့၊ အသွားအလာများတာကြောင့် ရောဂါပြန့်ပွားတာတွေ များတဲ့အကြောင်း၊ ဒါပေမဲ့ ပြည်သူလူထုရဲ့ စည်းကမ်းလိုက်နာမှုဟာလည်း အရေးပါပြီး ပြည်သူလူထုက စည်းကမ်းလိုက်နာမှုကောင်းလေလေ၊ အခြေအနေကကောင်းမှာဖြစ်တယ်လို့ မန္တလေးတိုင်းကို ဥပမာပေးပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးလည်း အမြန်ဆုံး စသုံးဖို့ စီစဉ်နေတဲ့ အကြောင်း၊ နိုင်ငံတော်အနေနဲ့ကတော့   ကာကွယ်ဆေးကို အမြန်ဆုံး ပြည်သူတွေဆီကို ရောက်အောင်၊ ပြည်သူတွေကို ထိုးပေးနိုင်အောင်လို့ စီစဉ်ပါ့မယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။  “အခုဆိုရင် ကာကွယ်ထိုးဆေးကို တချို့နိုင်ငံတွေမှာ စပြီးတော့ သုံးနေပါပြီ။ သုံးနေတယ်ဆိုတာ တချို့နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဒီအပတ် စပြီးတော့ သုံးတော့မယ်ဆိုပြီးတော့ ကြေညာထားတာရှိတယ်။ တချို့တွေက စပြီးတော့တောင်မှ စမ်းပြီးတော့ သုံးနေပါပြီ။ ဒီတော့ ကျမတို့နိုင်ငံဟာလည်း ကာကွယ်ဆေးရတဲ့အခါမှာ ကာကွယ်ဆေးသုံးလို့  အဆင်ပြေမယ့်အချိန်မှာ ဆိုရင် အမြန်ဆုံးစပြီးသုံးဖို့  ကျမတို့  စီစဉ်နေပါပြီ။ သို့သော်ငြားလည်း ပြည်သူလူထုအနေနဲ့ ဒီလိုကာကွယ်ဆေးရဲ့ အကျိုးသက်ရောက်မှုကို အပြည့် အဝ ခံစားဖို့ဆိုရင် အခုအချိန်မှာ သိပ်ပြီးတော့ သတိထားဖို့လိုတယ်။ ကျမတို့ ဘာဖြစ်လို့  ဒီလိုပြောရတာလဲဆိုရင်  တချို့ကနေပြီးတော့  ကာကွယ်ဆေး ရတော့မှာပဲဆိုပြီးတော့ ပေါ့သွားမှာကို ကျမစိုးရိမ်ပါတယ်။ ဒီလိုပေါ့သွားလို့ မဖြစ်ပါဘူး။” အပြင်ထွက်တဲ့အခါ Mask အမြဲတပ်ဖို့၊ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ကိုက်ညီအောင်လို့ သေသေချာချာလက်ဆေးကြဖို့၊ တစ်ယောက်နဲ့တစ်ယောက် ၆ ပေ အနည်းဆုံး ကွာအောင်နေကြဖို့၊ မလိုအပ်ဘဲနဲ့ အပြင်ကို မထွက်ဖို့နဲ့၊  အထူးသဖြင့်  ခုလို နှစ်သစ်ကူးနဲ့ ခရစ္စမတ်ကာလလာတော့မယ့် အချိန် အပြင်ထွက်တာကို အထူးသတိထားဖို့လည်း အကြံပြုပါတယ်။ နိုင်ငံမှာ စီးပွားရေးနာလန်ထူနိုင်အောင်၊ အလုပ်အကိုင်ဖန်တီးရေးတွေ အလေးထားပြီးတော့ လုပ်နေတဲ့အကြောင်း၊ ပြည်သူတွေအလုပ် လုပ်နိုင်ဖို့အတွက် ကျန်းမာဖို့လိုအပ်တဲ့ အကြောင်းနဲ့ ကိုဗစ်ပွဲကြီး အဆုံးသတ်တဲ့အချိန်မှာ  အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်စေချင်ပြီး ပွဲသိမ်းတဲ့အခါကျမှ  ကမောက်ကမဖြစ်တာမျိုးကို မဖြစ်စေချင်ဘူးလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၀၀,၄၃၁ ယောက်၊ သေဆုံးသူ ၂,၁၃၂ ယောက်ရှိလာပြီး အာရှဒေသတွင်း ကူးစက်မှုအမြင့်ဆုံးအဆင့် ၂၃ နေရာကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဓာတ်ပုံ- State Counsellor
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024