အစ္စရေးအစိုးရကို ဆော်ဒီတော်ဝင်မင်းသား ဝေဖန်

ဆော်ဒီအာရေဗျတော်ဝင်မိသားစုရဲ့ အကြီးတန်း မိသားစုဝင်က အစ္စရေးအစိုးရကို ဒီဇင်ဘာ ၆ ရက် ထိပ်သီး ညီလာခံအတွင်း ဝေဖန်ပြစ်တင်လိုက်ပါတယ်။ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အနောက်နိုင်ငံရဲ့ နောက်ဆုံး ကိုလိုနီအစိတ်အပိုင်းလို့လည်း အစ္စရေးကို ခေါ်ဝေါ် လိုက်ပါတယ်။ ပါလက်စတိုင်းတွေကို ရည်ညွှန်းရင်း အစ္စရေးဟာ သူတို့ကျွန်ပြုထားတဲ့ နယ်မြေထဲက ထောင်ချီတဲ့ ဒေသခံတွေကို ဖမ်းဆီးပြီး လုံခြုံရေးဆိုင်ရာ စွပ်စွဲချက်တွေအရ ထိန်းသိမ်းရေးစခန်းတွေထဲမှာ သူတို့ကို အကျဉ်းချထားတယ်လို့ ဆော်ဒီမင်းသား တာကီ အယ်လ် ဖိုင်ဆယ်က ဘာရိန်းနိုင်ငံမှာ ကျင်းပတဲ့ IISS မနာမာဆွေးနွေးပွဲအတွင်း ပြောလိုက်တာပါ။ အယ်လ်ဖိုင်ဆယ်ဟာ အရင်က အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကြီးလည်း ဖြစ်သလို ထောက်လှမ်းရေးအကြီးအကဲဟောင်းလည်း ဖြစ်ပါတယ်။ အစ္စရေးဟာ ဆော်ဒီအာရေဗျကို မကောင်းဆိုးဝါးအဖြစ် ပုံဖော်ပြီး အသရေဖျက်ဖို့ ကြိုးစား ခဲ့တယ်လို့လည်း သူက စွပ်စွဲပါတယ်။ အစ္စရေးမှာရှိတဲ့ အာရပ်လူနည်းစု၊ ပါလက်စတိုင်းအနွယ် အစ္စရေးနိုင်ငံသားတွေကို ရည်ညွှန်းရင်း ဂျူးမဟုတ်တဲ့ ဒေသခံတွေမှာ ဥပဒေလက်အောက်မှာ တန်းတူညီမျှတဲ့ အခွင့်အရေး မရကြဘူးလို့လည်း သူက ပြောပါတယ်။ ဆော်ဒီမင်းသား ဖိုင်ဆယ်ဟာ အခု ဘယ်အစိုးရရုံးကိုမှ တာဝန်ယူမထားပေမဲ့ ဘုရင် ဖိုင်ဆယ် သုတေသနနဲ့ အစ္စလာမစ် လေ့လာရေးဌာန ဥက္ကဋ္ဌအဖြစ် သြဇာကြီမားနေဆဲပါ။ အယ်လ်ဖိုင်ဆယ် မိန့်ခွန်းပြောပြီးပြီးချင်း ဖိုရမ်မှာ မိန့်ခွန်းပြောတဲ့ အစ္စရေးနိုင်ငံခြားရေး ဝန်ကြီး ဂါဘီ အက်ရှ်ကန်နာဇီကတော့ ဆော်ဒီမင်းသားရဲ့ မှတ်ချက်တွေဟာ အရှေ့အလယ်ပိုင်း ဒေသအတွင်း ဖြစ်နေတဲ့ အပြောင်းအလဲတွေနဲ့ စိတ်ဓာတ်ကို ထင်ဟပ်မှု မရှိဘူးလို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up