DVB Logo
Home
မြန်မာသတင်း
သထုံမြို့တွင် ပီအန်အယ်လ်အို စီပွားရေးရုံး ဖွင့်လှစ်
DVB
·
August 21, 2013
သထုံမြို့တွင် ပီအန်အယ်လ်အို စီပွားရေးရုံး ဖွင့်လှစ်
Donate to DVB

အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို) က မွန်ပြည်နယ် သထုံမြို့မှာ စီးပွားရေးနဲ့ ဆက်ဆံရေးရုံး ဖွင့်လှစ်လိုက်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်လာတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နဲ့ အစိုးရပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ဒီနှစ် မတ် ၁၃ ရက်နေ့က အပစ်ရပ်သဘောတူခဲ့ကြပြီးတဲ့နောက် သထုံမြို့ ပင်လိုင်ရပ်ကွက်မှာ စီးပွားရေးရုံး ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

ပီအန်အယ်လ်အိုက မွန်ပြည်နယ် သထုံမြို့မှာ စီးပွားရေးရုံးဖွင့်ဖို့အပြင် ရှမ်းပြည်နယ် တောင်ကြီး၊ မောက်မယ်၊ ဆီဆိုင်မြို့တွေမှာလည်း ဆက်ဆံရေးရုံးဖွင့်ဖို့ အစိုးရ နဲ့ သဘောတူခဲ့ပါတယ်။

ဒီရုံးတွေကနေ အစိုးရနဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ကြမှာဖြစ်ပြီး လက်ရှိ တောင်ကြီးမြို့မှာတော့ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါတယ်။

သထုံမြို့က စီးပွားရေးရုံးမှာ ဆောင်ရွက်မယ့် လုပ်ငန်းနဲ့ ပတ်သက်လို့  ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် အတွင်းရေးမှူး ခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

[caption id="attachment_42768" align="alignright" width="300" caption=" ခွန်မြင့်ထွန်း"][/caption]

“ကျနော်တို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့တွေ အခြေချလှုပ်ရှားတာ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးကိစ္စအပါအ၀င် ကိစ္စရပ်အားလုံး ဆက်ဆံဆောင်ရွက်နိုင်ဖို့ ဆက်ဆံရေးရုံး ခေါင်းစဉ်နဲ့ ဖွင့်တာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ် အောက်ပိုင်းမှာတော့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့တွေ အခြေချလှုပ်ရှားတာ မရှိပါဘူး။ စစ်ရေးကိစ္စကလွဲလို့ ကျန်တဲ့ကိစ္စတွေကို ဆက်ဆံဆောင်ရွက်နိုင်ဖို့အတွက် စီးပွားရေးရုံးကို ဖွင့်တာ ဖြစ်ပါတယ်။ စီးပွားရေးရုံးဆိုတော့ ဒီကနေ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကိစ္စတွေကိုလည်း ကျနော်တို့က အမျိုးသား အကျိုးစီးပွားရေးကို အခြေခံပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

စီးပွားရေးလုပ်ငန်းတွေကို ပီအန်အယ်လ်အို အဖွဲ့ရဲ့ စီးပွားရေးကော်မရှင်ကနေ ကြီးကြပ်သွားမှာဖြစ်ပြီး  လတ်တလောမှာ ကုမ္ပဏီတွေ ဖွဲ့စည်းဆောင်ရွက်မှုတော့ မရှိသေးဘူးလို့ ပြောပါတယ်။

ရုံးဖွင့်ပွဲကို မွန်ပြည်နယ်အစိုးရ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ခွန်ဖေမြတ် နဲ့ သထုံ တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ နဲ့ ပြည်သူပေါင်း ၃၀၀ နီးပါးလောက် တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

ပအိုဝ်းအမျိုးသားတွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက်  လွတ်လပ်ရေးရပြီး ကတည်းက မြန်မာအစိုးရအဆက်ဆက်ကို လက်နက်ကိုင်တော်လှန်နေခဲ့တာပါ။ ပအိုဝ်းလက်နက်ကိုင်အဖွဲ့တချို့ကတော့ ၁၉၅၈ ခုနှစ်တုန်းကတကြိမ်၊ ၁၉၉၁ ခုနှစ်ကတကြိမ် အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီး နောက်ဆုံးကျန်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို) က အခု အစိုးရသစ်လက်ထက်မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013