ရတနာပုံတံတား စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်း ၁ ဦးကို ဆေးစာရွက်အတုများဖြင့် ဖမ်းမိ
DVB
·
December 7, 2020
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စု၊ ရတနာပုံတံတားထိပ် စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ယာဥ်မောင်းတစ်ဦးထံကနေ ဆရာဝန်ရဲ့ လက်မှတ်အတု ရေးထိုးထားတဲ့ ဆေးစာရွက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ အမရပူရမြို့နယ် ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
ရတနာပုံတံတားထိပ် စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၉ လောက်က မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပူးပေါင်းပြီး မန္တလေးတိုင်းအတွင်း ဝင်ထွက်သွားလာမှုတွေကို စစ်ဆေးနေစဥ် ၆ ဘီးအဖြူရောင်ယာဥ် မောင်းလာတဲ့ ကျော်မိုးမှာ အမရပူရမြို့နယ် ဆရာဝန်ကြီးရဲ့ လက်မှတ်ပါ ဆေးစာရွက်အတု အလွတ်တွေနဲ့ အခြားမြို့နယ်တွေက ကျန်းမာရေးထောက်ခံစာအတုတွေ ကိုင်ဆောင်ထားတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
အမရပူရမြို့နယ် ကျန်းမာရေးဦးစီးဌာန ဌာနမှူး ဒေါက်တာစိုးကိုကိုဇော်က "ကျနော့် လက်မှတ်၊ ဌာနတံဆိပ်တုံးတွေကို စကန်ဖတ်အတုပြုလုပ်သူကို အရေးယူပေးဖို့ တိုင်ကြားထားတယ်၊ သူ့လက်ထဲမှာတော့ အတု ၅ ရွက်တွေ့ပါတယ်" လို့ ပြောပါတယ်။
ယာဉ်မောင်းသူ ကျော်မိုးကို ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးခဲ့ပြီး ရောဂါပိုးမတွေ့ရှိရဘူးလို့လည်း သိရပါတယ်။
အခုလို ဆေးစာအတုတွေ ပြုလုပ်ပြီးသွားလာနေတဲ့ ကျော်မိုးကို အမရပူရမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးမှူးက တရားလိုပြုလုပ်ပြီး မြို့မရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၄၂၀/၄၆၈ တို့နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း
ဓာတ်ပုံ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး