DVB Logo
Home
မြန်မာသတင်း
အလုပ်သမား ဗီဇာမူဝါဒ တိကျရှင်းလင်းရေး ၂ နိုင်ငံအစိုးရကို တောင်းဆို
DVB
·
August 21, 2013
အလုပ်သမား ဗီဇာမူဝါဒ တိကျရှင်းလင်းရေး ၂ နိုင်ငံအစိုးရကို တောင်းဆို
Donate to DVB

ထိုင်းနိုင်ငံမှာ တရားဝင် ရွှေ့ပြောင်းအလုပ်သမားတွေ ဗီဇာသက်တမ်းကုန်တဲ့ကိစ္စနဲ့ နိုင်ငံကူးလက်မှတ် လုပ်ရေးကိစ္စတွေမှာေ၀၀ါးရှုပ်ထွေးပြီး နောက်ဆက်တွဲ ပြဿနာတွေပါ ကြုံနေရတဲ့အတွက် တိကျပွင့်လင်းတဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေ ထုတ်ပြန်ပေးဖို့ အလုပ်သမားအဖွဲ့အစည်းတွေက  ထိုင်း-မြန်မာ  ၂ နိုင်ငံအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သမားအခွင့်အရေး အဖွဲ့အစည်းတွေက ဩဂုတ်လ ၁၆ ရက်နေ့စွဲနဲ့ အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီနောက် တောင်းဆိုချက်ကို ထိုင်းအစိုးရဘက်က ပိုမိုအာရုံစိုက် ဆောင်ရွက်ပေးဖို့အတွက်  သူတို့အဖွဲ့နဲ့ ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့တွေပါ ပူးပေါင်းပါဝင်ပြီး ဒီကနေ့ ရက်စွဲနဲ့ နောက်တစောင် ထုတ်ပြန်လိုက်တာလို့ ထိုင်းအလုပ်သမားဆက်ဆံရေး နိုင်ငံတော်စီမံကိန်းအဖွဲ့ State Enterprises Workers’ Relations Confederation (SERC) ရဲ့ အထွေထွေအတွင်းရေးမှူး မစ္စတာ ဆာဝစ် ကျောဝ့်ဝမ်က ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာအလုပ်သမားတွေဟာ ကျနော်တို့ ထိုင်းနိုင်ငံ စီးပွားရေးအတွက်  အင်အားအစိတ် အပိုင်းတခုဖြစ်ပါတယ်။ သူတို့တွေကို ကောင်းမွန်တဲ့ မူဝါဒနဲ့ ၀န်ဆောင်မှုတွေ ပေးရမှာ ဖြစ်တယ်။ ကျနော်တို့နိုင်ငံရဲ့ အလုပ်သမားဥပဒေ ခိုင်မာမှု ရှိမရှိကိုလည်း နိုင်ငံတကာက အထူးသဖြင့် အမေရိကန်နိုင်ငံက စောင့်ကြည့်နေတယ်။ နောက်တခုက မြန်မာအလုပ်သမားတွေကိုလည်း ထိုင်း အလုပ်သမားတွေလို တန်းတူညီမျှ အခွင့်အရေးတွေ ရစေလိုပါတယ်။”

ဒီကနေ့တောင်းဆိုချက်ထဲမှာ ဗီဇာ ၄ နှစ်ပြည့် အလုပ်သမားတွေအတွက် တိကျပွင့်လင်းတဲ့ မူဝါဒတွေ ထုတ်ပြန်ပေးရေးအပြင် လူမှုဖူလှုံရေး နဲ့ ကျန်းမာရေးအာမခံကတ်တွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ပိုမိုပါဝင်နိုင်ရေး အခွင့်အလမ်းတွေပေးဖို့၊ နိုင်ငံကူးလက်မှတ် အလုပ်သမားလက်မှတ် လုပ်ဆောင်ရာမှာ ပွဲစားတွေရဲ့ လိမ်လည်လှည့်ဖြားမှု၊ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေနဲ့ ကင်းဝေးမယ့်  နည်းစနစ်ကို ဖော်ဆောင်ဖို့ ပါရှိပါတယ်။

ဒါ့အပြင် ဒီကိစ္စပေါ်မှာ အမြတ်ထွက်သွားသူရော၊ ဆုံးရှုံးနစ်နာသူ ၂  ဘက်လုံး သိသာနိုင်တဲ့ အချက်အလက်တွေကို ပွင့်လင်းမြင်သာအောင် ထုတ်ပြန်ပေးဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

တောင်းဆိုရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ် သမားအခွင့်အရေးကွန်ရက်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလို ပြောပါတယ်။

“လုပ်ငန်းရှင်တွေ ထောက်ပြထားတာက သက်တမ်းပြည့် အလုပ်သမားတွေကို ပြန်လွှတ်လိုက်ခြင်းအားဖြင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို များစွာ ထိခိုက်နိုင်ပါတယ်ဆိုတာကို အချက်အလက်နဲ့ ထောက်ပြလိုက်တဲ့အတွက်ကြောင့် ကက်ဘိနက်က လက်ခံလိုက်ပြီး၊ ဒါဆိုရင် သုံးနှစ်ပြန်နေရတဲ့ အခြေအနေမျိုးမဟုတ်ပဲ အထိုက်လျောက် အတိုင်းအတာနဲ့ ပြန်နေလို့ရအောင် လုပ်ပေးမယ် ဆိုတာမျိုးကို အစိုးရ ကက်ဘိနက်အတွင်းမှာ သူတို့အချင်းချင်း သဘောတူလိုက်တာ ရှိတယ်။ အဲဒါကို လူသိရှင်ကြားဖြစ်အောင် တရားဝင် အမိန့်ကြေညာချက်နဲ့သော်လည်ကောင်း၊ ဥပဒေတရပ်အနေနဲ့ သော်လည်းကောင်း မထုတ်ပြန်တဲ့ အတွက်ကြောင့် အခုအလုပ်သမားတွေ ကြားမှာရော၊ ပွဲစားတွေကြားမှာရော၊ အလုပ်ရှင်တွေကြားမှာရော စမ်းတ၀ါးဝါး ဖြစ်နေတာ၊ ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေတာကို နိုင်ငံတော် အစိုးရသည် အချိန်နဲ့ တပြေးညီ တာဝန်ယူပြီးတော့ တိကျတဲ့ ဥပဒေတရပ်ကို အမြန်ဆုံး ထုတ်ပြန်ပေးဖို့ တောင်းဆိုခြင်း ဖြစ်ပါတယ်။”

မရေရာတဲ့ မူဝါဒတွေကြောင့် အလုပ်သမားတချို့ ပြန်သွားသလို၊ တချို့က ပတ်စပို့ အဟောင်းကို စွန့်ပစ်ပြီး အသစ်ပြန်လုပ်ကြောင်း၊ အဲဒီမှာ ငွေကြေးအမြောက်အမြား ပြန်ကုန်ကျပြီး အလိမ်ခံရတာလည်းရှိကြောင်း၊ ပွဲစားတွေရဲ့ အလိမ်ကို ခံရတဲ့ထဲမှာ ထိုင်းအလုပ်ရှင်တွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သံအရာရှိ ဦးကျော် ကျော်လွင်က သူတို့အနေနဲ့ ဗီဇာ ၄ နှစ်ပြည့် အလုပ်သမားတွေရဲ့ အခက်အခဲကို သိရှိနားလည်ပါကြောင်း၊ ၂ ဘက်နိုင်ငံ တာဝန်ရှိသူတွေပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲ ဖြစ်ပေါ်ဖို့ ဆက်သွယ်ဆောင်ရွက်နေကြောင်း၊ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ဗီဇာ ၄ နှစ်သက်တမ်းပြည့်မယ့် အလုပ်သမားပေါင်း ၁ သိန်းလောက်ရှိမယ်လို့ ဒီဗွီဘီကို ပြောသွားပါတယ်။

ထိုင်းနိုင်ငံထဲမှာ တရားဝင်နဲ့ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေတဲ့ မြန်မာပြည်က အလုပ်သမားပေါင်း ၃ သန်းလောက်ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013