တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ကိုဗစ်-၁၉ သံသယလူနာ ၁ ဦး သေဆုံး
DVB
·
December 6, 2020
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသနေတဲ့ သံသယလူနာ ၁ ဦး ဒီနေ့မနက်က သေဆုံးသွားပါတယ်။
အဲ့ဒီ လူနာက RDT နဲ့ မနေ့က စစ်ဆေးထားတာ အဖြေက ပိုးမတွေ့ရှိဘဲ ဒီနေ့မနက် ၉ နာရီကျော်မှာ အမောဖောက်ပြီး သေဆုံးတာလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုက ပြောပါတယ်။
“သူက မနေ့ည ၇ နာရီလောက်ဆေးရုံရောက်တယ်၊ သံသယ လူနာသတ်မှတ်တယ်။ RDT နဲ့ စစ်တာ Negative ထွက်တယ်၊ ဒီမနက် ၉ နာရီအချိန်မှာသေဆုံးတယ်။ စဝ်စံထွန်းက ပို့လာတဲ့ အချက်အလက်အရဆိုရင် သူက အဆုတ်ကင်ဆာဖြစ်နိုင်တယ်၊ ဆီချိုရှိတယ်၊ အရက်စွဲရောဂါရှိတယ်။”
သေဆုံးသူဟာ ကာလိမြို့မှာ ဒီဇင်ဘာ ၅ ရက် ညပိုင်းက အသက်ရှူကြပ်လို့ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှု ခံယူဖို ရောက်ရှိလာတာ ဖြစ်ပါတယ်။
အသေးစိတ်သိရှိနိုင်ဖို့ စဝ်စံထွန်းဆေးရုံ တာဝန်ရှိသူကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားပေးခြင်းမရှိခဲ့ပါ။
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားပြီး ဆေးကုသမှု ခံယူနေသူ ဒီဇင်ဘာ ၅ ရက်အထိ အယောက် ၄၀ ရှိတယ်လို့ သိရပါတယ်။
ခွန်ရာဇာ