ထီးချိုင့်မြို့နယ် ထွေ/အုပ်ဝန်ထမ်း ၁ ဦး လိမ်လည်မှုဖြင့် အမှုဖွင့်ခံရ
DVB
·
December 6, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း အမျိုးသမီး ၁ ဦးအား လိမ်လည်မှု၊ အတုပြုလုပ်မှုတွေနဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က ရဲစခန်းမှာ လိမ်လည်ခံရသူတွေက လာရောက်အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။
ထီးချိုင့်ရဲစခန်းမှတာဝန်ရှိသူ ဦးလတ်နောင်က "အမှုဖွင့်ခံရသူ--က ထီးချိုင့်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ စာရင်းကိုင် ၄ အဆင့်ရှိတဲ့သူဖြစ်တယ်။ ဝန်ထမ်းခန့်ထားမယ်လို့ ဒေသခံဘွဲ့ရလူငယ်တွေဆီကနေ ငွေကျပ် ၁၀ သိန်းစီ တောင်းခံခဲ့တယ်။ နောက်ပြီး ရုံးတံဆိပ်တုံးအတု ပြုလုပ်တာရယ်၊ လက်မှတ်အတု ပြုလုပ်တာတွေလည်း ရှိခဲ့တယ်ဆိုပြီး လိမ်လည်ခံရသူတွေက ရဲစခန်းမှာ သွားရောက်အမှုဖွင့်ခဲ့တာပါ” လို့ DVB ကို အတည်ပြုပြောဆိုပါတယ်။
အဲဒီစာရင်းကိုင်ဟာ လူ ၁၃ ဦးဆီကနေ ၁ ဦးကို ၁၀ သိန်းနှုန်းနဲ့ စုစုပေါင်း ငွေသိန်း ၁၃၀ ကျပ်လိမ်လည်မှု ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
ထီးချိုင့်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး ကိုယ်စားလှယ်က "မြို့နယ်ဌာနတခုရဲ့အမည်၊ ပုဂ္ဂိုလ်အမည်ကိုသုံးကာ Facebook အကောင့်အတု ဖွင့်ကာ ငွေကြးလိမ်လည်တယ်၊ တိုင်ကြားစာပါတဲ့အတိုင်း သိရတာပါ" လို့ ပြောပါတယ်။
တိုင်ကြားခံရသူ စာရင်းကိုင်အမျိုးသမီးဟာ လက်ရှိအချိန်မှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ တိုင်ကြားသူတွေက ပြောပါတယ်။
ကျော်မင်းသန့်